
နယ်စပ်ဒေသတွေက တရားမ၀င်ကုန်ပစ္စည်းတွေ ၀င်ရောက်မှုကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်တယ်လို့ ဒုသမ္မတက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ၂၁ ကြိမ်မြောက်ပုံမှန်တွေ့ဆုံပွဲမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်တာပါ။
“နယ်စပ်ဒေသများမှ တရားမ၀င်ကုန်ပစ္စည်းများ ၀င်ရောက်မှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာနိုင်သဖြင့် တရားမ၀င်ကုန်စည်များကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတို့တွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်နိုင်ရေး အဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်။”
ဒါ့အပြင် ကုန်သွယ်မှုကဏ္ဍမှာ ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးက များနေတဲ့အတွက် လိုငွေဖြစ်နေတယ်၊ လိုငွေမဖြစ်စေရေးအတွက် ပို့ကုန်ကို တိုးမြှင့်ဆောင်ရွက်ပြီး သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ဖို့ လိုအပ်ကြောင်း ဒုသမ္မတက ပြောပါတယ်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ ကုန်သွယ်ရေးကဏ္ဍဟာ အရေးကြီးပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၃၃ ဒသမ ၅၃) ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အခြေအနေ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ မှာ ရပ်တည်နေပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင်းဆုံးနိုင်ငံတွေကို အတုယူသင့်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
“တရုတ်၊ အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို အတုယူ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ အားလုံးသည် ယေဘုယျအားဖြင့် တိုးတက်ခဲ့သော်လည်း ဝန်ကြီးဌာနများတွင် ဖြေလျှော့ပြုပြင်ပြောင်းလဲခဲ့သည့် အချို့အချက်များသည် လာမည့်နှစ် ထုတ်ပြန်မည့် အစီရင်ခံစာ တွင်သာ ထည့်သွင်းမှတ်တမ်းတင်မည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များအတွက် တိုးတက်မှုများရရှိအောင် ကဏ္ဍအလိုက် လုပ်ငန်းအကောင်အထည်ဖော်ရေးစီမံချက် (Action Plan) များနှင့် ကာလတို၊ ကာလရှည် ရည်မှန်းချက်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍများ အနေဖြင့်လည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်” သမ္မတက တိုက်တွန်းသွားပါတယ်။











