DVB Logo
Home
မြန်မာသတင်း
ကုလတွင် အိုအိုင်စီနှင့်အီးယူတင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် မဲခွဲအတည်ပြု
DVB
·
November 18, 2018
ကုလတွင် အိုအိုင်စီနှင့်အီးယူတင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် မဲခွဲအတည်ပြု
Donate to DVB

ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာတင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ဟာ ဘက်လိုက် အပြုသဘောမဆောင်တဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုကန့်ကွက်ခဲ့ပြီး မဲခွဲရာမှာတော့ ထောက်ခံသူများလို့ အတည်ပြုခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပလျက်နေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့က ပူးတွဲတင်သွင်းခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ တဖက်သတ်ကျတာ၊ ဘက်လိုက်တာ၊ အပြုသဘောမဆောင်တာ၊ နိုင်ငံရေး လှုံ့ဆော်တာ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားရေးတိုးတက်ဖြစ်ပေါ်တဲ့ အခြေအနေတွေကို အသိအမှတ်မပြုတာတွေကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ မဲခွဲ ဆုံးဖြတ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မဲမခွဲခင် အထွေထွေမိန့်ခွန်းမှာ ဒီမူကြမ်းကို လုံးဝကန့်ကွက်ရတဲ့အကြောင်း ၄ ခုရှိတယ်လို့ ပြောပါတယ်။

ပထမဆုံးအချက်ကတော့ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းဆုံးဖြတ်နေတဲ့ နိုင်ငံ တနိုင်ငံချင်းရဲ့ လူ့အခွင့်အရေးအခြေအနေကို အထွေထွေညီလာခံမှာ နိုင်ငံဆိုင်ရာ သီးခြားဆုံးဖြတ်ချက်အဖြစ် ထပ်ပြီး  တင်သွင်းတာဟာ လုပ်ထုံးလုပ်နည်းအရ မလျော်ကန်ဘဲ ဒုတိယအချက်ကတော့ ဒီလို တင်သွင်းတာဟာ အဲဒီနိုင်ငံတွေကို ရွေးချယ်ဖိအားပေးဖို့ နိုင်ငံရေးအရ ဆောင်ရွက်တာ သက်သက် ဖြစ်တယ်လို့ ပြောပါတယ်။

တတိယအချက်ကတော့ အခု ဆုံးဖြတ်ချက်မူကြမ်းခေါင်းစဉ်ဟာ “မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ” ဖြစ်ပေမယ့် မူကြမ်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ အခွင့်အရေးတွေကိုပဲ အသားပေးထားကြောင်း၊ မူကြမ်းမှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ အထောက်အထားမခိုင်လုံတဲ့ အစီရင်ခံစာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိမ်းကျုံးဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး တိုးတက်ဖြစ်ပေါ်တဲ့ အခြေအနေတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မြန်မာအစိုးရရဲ့ မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်တာတွေကို ထောက်ခံအားပေးတာ မရှိကြောင်း၊  ၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းများကို အာဆာ (Arakan Rohingya Salvation Army- ARSA) အကြမ်းဖက်အဖွဲ့က တိုက်ခိုက်လို့ ရခိုင်ပြည်နယ်မှာ အလွန်ဆိုးရွားတဲ့ လူသားချင်းစာနာမှုအခြေအနေတွေ ဖြစ်ပေါ်ခဲ့ရပြီး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကိုသာမက ရခိုင်ပြည်နယ်တောင်ပိုင်း လုံခြုံတဲ့ နေရာတွေကိုပါ ပြည်သူအမြောက်အမြား ထွက်ပြေးခဲ့ကြရကြောင်း၊ အာဆာအဖွဲ့ကို အယ်ကိုင်းဒါး၊ ISIL နဲ့ Tehrik-e-Taliban Pakistan (TTP) အဖွဲ့ စတဲ့ ပြည်ပ အကြမ်းဖက်အဖွဲ့တွေက ပံ့ပိုးပေးနေတယ်လို့ သိရကြောင်း၊ ဆုံးဖြတ်ချက်မူကြမ်းမှာ အာဆာ အကြမ်းဖက်သမားတွေရဲ့ ကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတာဟာ ပူးတွဲအဆိုရှင်တွေရဲ့ ဆန္ဒအမှန်နဲ့ ရိုးသားမှုအပေါ် သံသယ ကြီးကြီးမားမား ဖြစ်စေတယ်လို့ ပြောပါတယ်။

စတုတ္တအချက်ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုအတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်တာဟာ လိုတမျိုး-မလိုတမျိုး စံနှုန်းနှစ်မျိုး ကျင့်သုံးတာကို တွေ့ရကြောင်း၊ ဘက်မလိုက်မှု၊ တိကျသေချာမှုရှိရေး၊ ရွေးချယ်ဆောင်ရွက်တာ မလုပ်ရေး၊ နိုင်ငံရေးအရ လှုံ့ဆော်မှုမပြုရေး၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေး အပါအဝင် တည်ရှိဆဲမူတွေကို လုံးဝလျစ်လျူရှုထားကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မဲခွဲဆုံးဖြတ်ရာမှာတော့ တရုတ်၊ လာအိုနဲ့ ရုရှား အပါအဝင် ၁၀ နိုင်ငံက ကန့်ကွက်မဲ၊ ဂျပန် အပါအဝင် ၂၆ နိုင်ငံက ကြားနေမဲ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၄၂ နိုင်ငံက  ထောက်ခံမဲပေးခဲ့ကြလို့ အတည်ပြုခဲ့ပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကန့်ကွက်မဲနဲ့ ကြားနေမဲ ပေးခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ၊ မဲမပေးခဲ့ကြတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် စုစုပေါင်း ၂၄ ခုကို ၁၉၉၁ ခုနှစ်ကစလို့ တတိယကော်မတီမှာ အတည်ပြုခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အာဆာအကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် လုံခြုံရေးကောင်စီမှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အစည်းအဝေး ၁၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ တချိန်တည်းမှာပဲ လူ့အခွင့်အရေးကောင်စီမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး ၇ ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၃ ခုကို အတည်ပြုခဲ့ကြောင်း၊ အခုအခါ မြန်မာ နိုင်ငံကို ကုလသမဂ္ဂ ယန္တရားတွေဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီ၊ အထူး အစီရင်ခံစာတင်သွင်းသူ၊ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM)၊ လက်ရှိဖော်ဆောင်ဆဲ လွတ်လပ်တဲ့ယန္တရား၊ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်၊ အထွေထွေညီလာခံ တတိယကော်မတီနဲ့ လုံခြုံရေး ကောင်စီတို့က လေ့လာစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး၊ သဟဇာတရှိစေရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြှင့်တင်အားပေးသင့်ပြီး အမုန်းတရား၊ အယုံအကြည်ကင်းမဲ့မှုနဲ့ အယူဝါဒကွဲပြားမှုတို့ကို အားမပေး သင့်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013