DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေချိုခရုမှ ကူးစက်သည့် သန်ကောင်ရောဂါ ဖြစ်ပွားသူ ၅၀၀ ကျော် တွေ့ရှိ
DVB
·
November 17, 2018
ရခိုင်တွင် ရေချိုခရုမှ ကူးစက်သည့် သန်ကောင်ရောဂါ ဖြစ်ပွားသူ ၅၀၀ ကျော် တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်မှာ ရေချိုခရုကနေ ကူးစက်တဲ့ သန်ကောင်ရောဂါဖြစ်ပွားသူ ၅၀၀ ကျော် တွေ့ရှိရတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာ တိုးသီရိအောင်က ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ သံသယလူနာ ၉၈၁ ယောက်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ အယောက် ၅၂၀ မှာ Schistosoma mansoni IgG (Eliser) တွေ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ Schistosomiasis ရောဂါဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားတဲ့ အခြေအနေကို နိုဝင်ဘာ ၁၄ ရက်က နေပြည်တော် ဝန်ကြီးရုံးမှာ ကျန်းမာရေးဝန်ကြီးကို ရှင်းလင်းရာမှာ ပြောခဲ့တာလို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ တရုတ်နိုင်ငံပြည်သူ့ကျန်းမာရေးဌာနတို့နဲ့ ပူးပေါင်းပြီး  ရောဂါကာကွယ် နှိမ်နင်းရေး ဓာတ်ခွဲစစ်ဆေးတာ၊ ကုသရေးနဲ့ သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ တိုးသီရိအောင်က ပြောပါတယ်။

ဝန်ကြီးဒေါက်တာ မြင့်ထွေးက Schistosomiasis ရောဂါအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အသိပေးရှင်းလင်းပြောကြားဖို့၊ ဌာနဆိုင်ရာဝန်ထမ်းတွေအကြား ရောဂါအကြောင်း ပိုပြီး သိရှိ သတိပြုလာစေဖို့အတွက် လက်ကမ်းစာစောင်တွေ ဖြန့်ဖြူးပေးစေဖို့ ပြောပါတယ်။

Schistosomiasis လို့ခေါ်တဲ့ ဒီရောဂါပိုးကို ရေချိုမှာ ပေါက်ဖွားတဲ့ ခရုတွေက ရောဂါကို သယ်ဆောင်ပြီး လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကူးစက်တတ်ကာ ရောဂါဖြစ်နေသူကတော့ တိုက်ရိုက်ကူးစက်တာ မရှိပါဘူး။

ဒီရောဂါပိုးရှိတဲ့သူရဲ့ ဆီးနဲ့ မစင်က ပိုးဥတွေဟာ ရေချိုထဲကိုရောက်ရင် ရောဂါသယ်ဆောင်နိုင်တဲ့ ခရုထဲကို ထိုးဖောက်ဝင်ရောက်နေတတ်ပါတယ်။ အဲဒီနောက် ခရုက စွန့်ထုတ်လိုက်တဲ့ သားလောင်းတွေဟာ လူရဲ့ အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး သွေးကြောမကြီးတွေထဲကို ရောက်ရှိ ကြီးပြင်းကြတာပါ။

အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များပြီး ရှားပါးတဲ့ ရောဂါဖြစ်ပေမယ့် ဒီရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၂ သိန်းလောက် သေနေပါတယ်။ ရောဂါပိုးသယ်ဆောင်နိုင်တဲ့ ခရု ၄၊ ၅ မျိုးလောက်ရှိပြီး ရေချိုမှာပဲ ရှင်သန်နေထိုင်နိုင်ပါတယ်။

ဒါကြောင့် ရေကို ၁ မိနစ်အထက် ကျိုချက်သောက်သုံးဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ဖို့၊ အလွယ်တကူ ဆီးမစွန့်ဖို့နဲ့ ရေနဲ့ထိတွေ့ရာမှာ ဂရုစိုက်ဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

ဒီရောဂါပျိုးရက်ဟာ ပျမ်းမျှ ၂ ပတ်ကနေ ၃ လအထိကြာတတ်ပြီး နာတာရှည်အဆင့်မှာ နှစ်ချီ ကြာတတ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ အရေပြားမှာ ယားယံတဲ့ အဖုတွေထွက်တာ၊ ဖျားတာ၊ ခေါင်းကိုင်၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။

နာတာရှည်ဖြစ်ရင်တော့ အစာအိမ်အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်း၊ နှလုံးနဲ့ အဆုတ်၊ မိန်းမကိုယ်၊ ဦးနှောက်နဲ့ အာရုံကြောတို့မှာလည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

ရခိုင်ပြည်နယ်အပြင် ပဲခူးတိုင်း ရွှေကျင်နဲ့ ရှမ်းပြည်နယ် အင်းလေးဒေသတို့မှာလည်း ရောဂါဖြစ်ပွားသူတွေ တွေ့ရှိထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013