DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကူညီရန်အသင့်ရှိဟု အာဆီယံဥက္ကဋ္ဌ ပြော
DVB
·
November 17, 2018
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကူညီရန်အသင့်ရှိဟု အာဆီယံဥက္ကဋ္ဌ ပြော
Donate to DVB

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ မြန်မာကို အကူအညီပေးဖို့ အသင့်ရှိတယ်လို့ အာဆီယံဥက္ကဋ္ဌက ထုတ်ပြန်ပါတယ်။

၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ အာဆီယံ နိုင်ငံတချို့ရဲ့ စိုးရိမ်သံတွေကို ကြားရပါကြောင်း၊ ပြဿနာဖြေရှင်းရာမှာ ထောက်ခံအားပေးတဲ့ မိတ်ဆွေ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်က အသိုက်အဝန်းတွေအားလုံး ဘေးကင်း လုံခြုံပြီး နေထိုင်နိုင်ရေး၊ ပြည်လည်လက်ခံရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အာဆီယံက ကူညီပေးနိုင်တဲ့ နယ်ပယ်တွေ အများကြီးရှိကြောင်း၊ နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းမှာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန (AHA Centre) က ဘယ်လို နည်းလမ်းနဲ့ ကူညီနိုင်မလဲဆိုတာကို လေ့လာဆွေးနွေးနေကြောင်း၊ ရခိုင်ပြည်နယ်က အသိုက်အဝန်း တွေဟာ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ကြရမှာဖြစ်လို့ အသိုက်အဝန်းတွေအကြား တည်ငြိမ် အေးချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ဖော်ဆောင်ရာမှာ အစိုးရအနေနဲ့ လတ်တလော နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်အတွက်သာမက  ရေရှည်အတွက်ရည်ရွယ်ပြီး အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်နေတယ် စသည်ဖြင့် ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ မြန်မာကို အကူအညီပေးဖို့ အသင့်ရှိနေကြောင်း၊ ဒါကို အထောက်အကူ ဖြစ်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာရှိတဲ့ နယ်ပယ်တွေ ရွေးချယ်သတ်မှတ်ဖို့ လိုအပ်ချက်တွေ လေ့လာရေးအဖွဲ့ စေလွှတ်ရေးအတွက် AHA Centre ကို ဖိတ်ကြားတဲ့အတွက်လည်း ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်က အသိုက်အဝန်းတွေအားလုံး ဘေးကင်း လုံခြုံရေးအတွက် တတ်နိုင်သမျှ ထိထိရောက်ရောက် ဆောင်ရွက်ဖို့  မြန်မာအစိုးရရဲ့ ပြောကြားချက်ကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇာတဖြစ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး တို့အတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဆက်လက်ထောက်ခံအားပေး တယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့သူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ပြန်လည်လည်ခံရေး လုပ်ငန်းတွေ စတင်ခဲ့ပေမယ့် ၂ ရက်မြောက်တဲ့အထိ ပြန်လာတဲ့သူတွေ မရှိသေးဘဲ လက်ခံရေးကိစ္စတွေ ရွှေ့ဆိုင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013