
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ပြည်တွင်းအလုပ်အကိုင်ပေါင်း ၂ သောင်းကျော်ရခဲ့ကြပြီး ပုဂ္ဂလိကကဏ္ဍမှာ အလုပ်ရတာဟာ အစိုးရကဏ္ဍအလုပ်ရတာထက် အဆပေါင်း ၃၀ လောက် ပိုတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်တွင်းမှာ အလုပ်ရခဲ့သူပေါင်း ၂၁၅၉၀ ယောက် ရှိခဲ့ပြီး ပြည်ပမှာ အလုပ်ရသူပေါင်း ၁၉၁၂၃ ယောက်ရှိတာပါ။
ပြည်တွင်းအလုပ်ရသူတွေထဲမှာ ရန်ကုန်တိုင်းက ၁၄၉၆၃ နဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ၂၉၂၃ ယောက်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။
ပြည်ပ အလုပ်ရတာမှာတော့ ထိုင်းနိုင်ငံမှာ ၁၅၁၇၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး မလေးရှားနိုင်ငံကို ၂၉၁၇ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
နောက်ထပ် ဂျပန်၊ ကိုရီးယား၊ ဂျော်ဒန်၊ ယူအေအီး၊ စင်ကာပူနဲ့ ကာတာနိုင်ငံတွေမှာ အလုပ်ရရှိခဲ့ကြတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ ပြည်တွင်းမှာ အလုပ်အကိုင်ပေါင်း ၂၁၀၀၀ ကျော်ရရှိခဲ့ပြီး ပြည်ပအလုပ်အကိုင်ကတော့ ၂၂၀၀၀ ကျော် ရရှိခဲ့ပါတယ်။











