DVB Logo
Home
မြန်မာသတင်း
နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် ၂၀၀၀ ကျော်ကို ထုတ်ပြန်
DVB
·
August 30, 2012
နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့်  ၂၀၀၀ ကျော်ကို ထုတ်ပြန်
Donate to DVB

နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်တဲ့ လူပုဂ္ဂိုလ် ၂၀၀၀ ကျော် စာရင်းကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုဒ်မှာ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

နာမည်ပျက်စာရင်းကနေ ပယ်ဖျက်လိုက်တဲ့နိုင်ငံခြားသားစာရင်းနဲ့ မြန်မာနိုင်ငံသား များ စာရင်းဆိုပြီး ၂ ခုခွဲ ထုတ်ပြန်လိုက်တာပါ။

နိုင်ငံခြားသားစာရင်း ၁၀၀၀ ကျော်၊ မြန်မာနိုင်ငံသားစာရင်း ၉၀၀ ကျော်ဖော်ပြ ထားပြီး၊ နိုင်ငံခြားသားစာရင်းမှာ မြန်မာပြည်သားဖြစ်ပြီး နိုင်ငံခြားသားခံယူထားသူတွေ ပါရှိလာတာ တွေ့ရပါတယ်။

ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ပြည်တွင်းက နိုင်ငံရေး လှုပ်ရှားသူတွေ၊ သတင်းထောက်နဲ့ ပြည်တွင်းမှာ နေထိုင်နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက်စာရင်းဝင်နေသူတွေလည်း ပယ်ဖျက်စာရင်းမှာ ဖော်ပြပါရှိပါတယ်။

ပယ်ဖျက်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦး ပါဝင်တာတွေ့ရသလို ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောလည်း ဖော်ပြပါရှိလာပါတယ်။

အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ အရင်ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေ၊ ကိုမိုးသီးဇွန်နဲ့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တွေ၊ ပြည်တွင်း ၈၈ မျိုးဆက်အဖွဲ့ဝင်တချို့၊  ရှေ့နေတွေနဲ့ သတင်းစာ ဆရာတွေ ပယ်ဖျက်စာရင်းမှာ တွေ့ရပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံက ဦးခင်မောင်ဝင်းနဲ့ ဒေါ်သီတာတို့  ပယ်ဖျက်စာရင်းမှာ ပါရှိလာသလို အနုပညာရှင်တွေဖြစ်တဲ့ ဒေါ်မာမာအေး၊ ဒေါ်အောင်ဆန်းစုကြည် နေရာ သရုပ်ဆောင်ဖူးတဲ့ ဟောလိဝုဒ် မင်းသမီး မီရှဲယိုနဲ့ ပြည်တွင်းမှာ နေထိုင်တဲ့ မိုမို့မြင့်အောင်တို့်လည်း ပါရှိလာပါတယ်။

ဒီပယ်ဖျက်စာရင်းကို ဘယ်လိုစိစစ်ပြီး ထုတ်ပြန်လိုက်တာလဲဆိုတာနဲ့ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးကို မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“အခု လက်ရှိ အခြေအနေနဲ့ မညီတဲ့ဟာတွေပေါ့။ blacklist စာရင်းက အမျိုးမျိုးရှိတယ်။ ဥပမာ နိုင်ငံခြားရေးက ပိတ်တာရှိတယ်။ ပြည်ထဲရေးက ပိတ်တာရှိတယ်။ လ၀က က ပိတ်တာရှိတယ်။ အခွန်စီးပွားတို့ရှိတယ်။ ကုမ္ပဏီတွေ ဒီမှာ ဥပဒေနဲ့ မညီဘဲ လုပ်သွားတာတွေ၊ ၀န်ကြီးဌာနတွေက ပြည်ထဲရေးကို ပို့ထားတာတွေ ရှိတယ်။ အခု သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ပြန်ပြီးဆန်းစစ်ပါ။ အခုလက်ရှိအခြေအနေနဲ့ မကိုက်ညီတဲ့သူတွေကို ဖျက်ပေးပါလို့ သမ္မတကြီးက လမ်းညွှန်တော့ ၀န်ကြီးဌာနတွေက တက်လာတဲ့ လူ ၂၀၀၀ ကျော်စာရင်းပေါ့။”

အမည်ပျက်စာရင်းဝင်နေသူပေါင်း ၆၀၀၀ ကျော်ရှိတယ်လို့ တရားဝင် သတင်း ထုတ်ပြန် ထားတာမို့ နောက်ထပ် ကျန်နေသေးတဲ့ ၄၀၀၀ နဲ့ပတ်သက်ပြီး ဦးဇော်ဌေးက “ကျန်နေသေးတာတွေကိုလည်း ဘာကြောင့် ကျန်တယ်၊ ဘယ်လိုတွေ ကျန်လဲဆိုတာ ပြန်ပြီး သုံးသပ်မှာပါ။ ပြန်ပြီး ဆန်းစစ်ရင်းနဲ့ အမည်ပျက်စာရင်းတွေ update လုပ်သွားမှာပါ။ စာရင်း ဆက်ထုတ်သွားဖို့ရှိပါတယ်။”

အခုလို အမည်ပျက်စာရင်းတွေ ပယ်ဖျက်ပေးချိန်နဲ့ အမေရိကန်အစိုးရက သမ္မတဦးသိန်းစိန်ကို ဗီဇာ ဖြေလျှော့ပေးချိန် တိုက်ဆိုင်နေတာဟာ တိုက်ဆိုင်မှု သက်သက်သာဖြစ်ပြီး၊ ပယ်ဖျက်ပေးဖို့ လုပ်ဆောင်နေတာကြာပြီ ဖြစ်တယ်လို့ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေး က ပြောပါတယ်။

ဒီနေ့ထုတ်ပြန်လိုက်တဲ့ စာရင်းထဲပါရှိသူတဦးဖြစ်တဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ဒေါက်တာတင့်ဆွေက အခုလုပ်ရပ်ကို ကြိုဆိုလိုက်ပါတယ်။

“ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့နာမည်တောင် ပါမယ်လို့ ထင်မထားလို့ပါ။ ထူးခြားတဲ့ ကြေညာချက်တခုနဲ့ နိုင်ငံရေးခြေလှမ်းတခုလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို အတိုက်အခံပြုခဲ့တဲ့ ကျောင်းသားတွေ၊ ကျနော်တို့ ၉၀ ရလဒ်ကို ဥပဒေကြောင်းနဲ့ တိုက်ခဲ့တဲ့သူတွေရဲ့ နာမည်စာရင်းတောင် ပါလာခြင်းအားဖြင့် ဒါဟာ ပိုပြီးတော့ ထူးခြားတယ်။ ဒါကြောင့်မို့ လက်ရှိအစိုးရရဲ့ ထူးခြားချက်တွေအပေါ်မှာ ကျနော်တို့က ပေးထားတဲ့အမှတ်ထက် ပိုပေးပါတယ်ဗျ။ သို့သော်လည်းပဲ နာမည်စာရင်းအစုံလည်း မသိရသေးဘူး။ ထပ်လည်း လာစရာ ရှိကောင်း ရှိမယ်။ အဲဒီလို နာမည်စာရင်းဖျက်ပေးပြီးနောက်မှာ ကျနော်တို့ တကယ်လုပ်ချင်တဲ့ နိုင်ငံရေးယုံကြည်ချက်အတိုင်း ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမလား ဆိုတာ ကြည့်ရပါဦးမယ်။ ဒါကြောင့် ကျနော်တို့က သတိကတော့ရှိတယ်။ ဒါပေမယ့် ၀မ်းပမ်းတသာ ကြိုဆိုပါတယ်ဗျာ။”

ဒီနေ့ပယ်ဖျက်စာရင်းထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းဝင် ၅၀၀ ဦးခန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၈၁၁ ဦးခန့်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနစာရင်း ၇၇၁ ဦးခန့် ပါဝင်တယ်လို့ မြ၀တီ သတင်းဌာနက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013