DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
November 16, 2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။

“နှစ်နိုင်ငံသဘောတူထားတဲ့ ပုံစံ ဖြည့်ဖို့အတွက်ကိုတောင် အင်မတန်ခက်ခဲနေတဲ့ အခြေအနေမျိုးတွေကိုလည်း နေရပ်စွန့်ခွာသူတွေ ရင်ဆိုင်နေရတယ်။ ဒါတွေလည်း ပါနိုင်တယ်။ ကျနော်တို့ ဆိုလိုတာကတော့ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ဒီလောက် လပေါင်းများစွာ အချိန်ရနေတဲ့အတွင်းမှာ မဖြစ်လာဘူးဆိုတဲ့ ကိစ္စများဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုတွေ လိုပါသေးတယ်လို့ ကျနော် ပြောချင်ပါတယ်။ သူတို့လည်း ဆန္ဒရှိလို့ ကြိုးစားတာပေါ့။ တကယ့်တကယ် အောင်မြင်အောင် ကြိုးစားဖို့တော့ လိုသေးတယ်။”

တဖက်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေအနက် စိစစ်ပြီး မိသားစု ၄၈၅ စု၊ လူပေါင်း ၂၂၆၁ ဦးထဲက ပထမအသုတ်အနေနဲ့ အယောက် ၁၅၀ ကို နိုဝင်ဘာ ၁၅ ရက်မှာ စတင်လက်ခံဖို့ မောင်တော တောင်ပြိုလက်ဝဲစခန်းမှာ ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့က အသင့် စောင့်ဆိုင်းနေခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က တဦးတယောက်မှ လွှဲပြောင်းပေးတာ မရှိခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားရှိ ကူတူပါလောင်စခန်းမှာ ရောက်နေတဲ့ ဟိန္ဒူဘာသာဝင် ၄၃၈ ဦးဟာလည်း မြန်မာပြည်ကို အမြန်ဆုံး ပြန်လိုကြတဲ့ ဆန္ဒရှိကြပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က  တနှစ်ကျော်ကြာလာတဲ့အထိ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိသေးပါဘူး။

မြန်မာပြည်ကို ပြန်လာချင်လို့ ဆက်သွယ်လာတဲ့ ဘင်္ဂါလီတွေလည်း ရှိပေမယ့် မပြန်ဖို့ ခြိမ်းခြောက် ဟန့်တားမှုတွေ ရှိနေတဲ့အတွက် ပြန်မလာရဲကြဘူးလို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ဒီကိုပြန်လာချင်တဲ့သူတွေရှိတယ်။ ကျနော်တို့ကိုလည်း တိုက်ရိုက် Viber တွေနဲ့ ဆက်သွယ်နေတယ်။ ကျနော်တို့ ပြန်လာချင်နေပါပြီ။ ပြန်လာဖို့ အခက်အခဲတွေ ရှိပါတယ်။ ပြန်လာဖို့အတွက် ပုံစံဖြည့်ဖို့တောင် ခက်ခဲပါတယ်။ ပုံစံဖြည့်မယ်ဆိုရင် အနှောင့်အယှက်တွေ ပေးပါတယ်။ အာဆာနဲ့ပတ်သက်တဲ့သူတွေက နေပြီးတော့ မပြန်ဖို့ ဟန့်တားတာတွေ ရှိတယ်။ နှိပ်စက်တာတွေ ရှိတယ်။ သတ်ဖြတ်တာတွေ ရှိတယ်။ ဒါတွေလည်း အားလုံးကြားမှာပါ။ အဲဒီလို သတင်းမျိုးတွေကိုလည်း သူတို့ဆီကနေ တိုက်ရိုက်ပို့တာရှိပါတယ်။ သူတို့ပြန်လာချင်သော်လည်း မပြန်လာရဲဘူးဆိုတဲ့ သဘောတရားတွေ ရှိနေပါတယ်။ ဒါတွေကလည်း သူတို့ပြန်လာဖို့ အနှောင့်အယှက်တွေ ဖြစ်နေတယ်။”

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဒုက္ခသည်တွေအတွက် ပံ့ပိုးကူညီမှုတွေ အများကြီးရနေတာ၊ တယောက်ချင်းစီကို နေ့စဉ် ငွေကြေးထောက်ပံ့မှုတွေ ရှိနေတာနဲ့ တခြားနိုင်ငံတွေက ခေါ်ယူမယ့် သတင်းတွေဟာလည်း ပြန်လာဖို့ နှောင့်နှေးတဲ့ အချက်ထဲတွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

“ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ဆန္ဒအလျောက် ပြန်လာတာ ဖြစ်ရမယ်။ လုံခြုံစိတ်ချရပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ ပြန်လာခြင်းမျိုးဖြစ်မယ်။ အဲဒီလိုပုံစံမျိုးနဲ့ ကျနော်တို့ ပြန်လည်လက်ခံမယ်” လို့လည်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေကတော့ မြန်မာပြည်မှာ အဆင်သင့်မဖြစ်သေးသလို ဘေးကင်းလုံခြုံရေးအတွက် အာမခံချက် မရှိတဲ့အတွက်   ဒုက္ခသည်တွေ နေရပ်မပြန်ကြဖို့ ဆော်သြနေပါတယ်။ ဒုက္ခသည်တွေကလည်း နိုင်ငံသားဖြစ်ခွင့်ပေးမှ မြန်မာပြည်ကို ပြန်လာမယ်လို့ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013