DVB Logo
Home
မြန်မာသတင်း
တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်း ရောင်းဝယ်မှု ထိရောက်စွာအရေးယူပေးရန် အဆိုတင်သွင်း
DVB
·
November 16, 2018
တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်း ရောင်းဝယ်မှု ထိရောက်စွာအရေးယူပေးရန် အဆိုတင်သွင်း
Donate to DVB

ဆင်နဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ ရောင်းဝယ်နေတာ ထိရောက်တဲ့ အရေးယူမှု ပြုလုပ်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ နိုင်ငံရဲ့ သက်ရှိသဘာဝသယံဇာတဖြစ်တဲ့ ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်တွေ မျိုးသုဉ်းခြင်းက ကာကွယ်နိုင်ဖို့ရည်ရွယ်ပြီး ပြည်သူတွေ သတိပြုမှု မြင့်တက်လာစေဖို့နဲ့ ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်တွေနဲ့ အစိတ်အပိုင်းတွေကို ပြောင်ပြောင်တင်းတင် ရောင်းဝယ်ဖောက်ကားနေတာကို ရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ ပြု လုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို မွန်ပြည်နယ်မဲဆန္ဒနယ်က ဒေါ်သီရိရတနာက တင်သွင်းခဲ့တာပါ။

ဆင်အပါအဝင် အခြားတောရိုင်းတိရစ္ဆာန်တွေလို့ဆိုပေမယ့် အထူးရည်ရွယ်တာက ဆင်တမျိုးတည်းဖြစ်တယ်လို့ အဆိုရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄ဝ ခုနှစ်ဝန်းကျင်မှာ တောဆင်ရိုင်းကောင်ရေ ၁ဝဝဝဝ ကျော်ရှိပြီး ၁၉၉ဝ ပြည့်နှစ်အလွန်မှာတော့ ၅ဝဝဝ ထိ လျော့ကျလာတယ်လို့ ပြောပါတယ်။ ဝန်ကြီးဌာနရဲ့ စာရင်းအရ ဆင်ကောင်ရေ ၁၄ဝဝ နဲ့ ၂ဝဝဝ ကြားမှာပဲ ရှိတော့ကြောင်း စိုးရိမ်ဖွယ်သိရတယ်လို့ အဆိုရှင်က ပြောပါတယ်။

"ဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ကနေ ၂ဝ၁၆ ခုနှစ်ထိ ဆင်အကောင်ရေ ၁၁၆ ခန့်သတ်ဖြတ်ခံရပြီး ၂ဝ၁၇ ခုနှစ် ၁ နှစ်အတွင်းမှာပဲ သတ်ဖြတ်ခံရတဲ့ တောရိုင်းဆင်ကောင်ရေဟာ အနည်းဆုံး ၃ဝ ထိ ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ၂ဝ၁၈ ခုနှစ်ရဲ့ စာရင်းချုပ် မထွက်သေးပေမယ့် သေဆုံးနှုန်းပိုမို မြင့်တက်လာမယ်ဆိုတာ ၂ဝ၁၈ ခုနှစ် အစပိုင်းမှာပဲ အာရှဆင်ရုပ်ကြွင်း ၂ဝ ကျော်ကို ဧရာဝတီတိုင်းတခုတည်းမှာ တွေ့ခဲ့ရတယ်ဆိုတာက သက်သေပြနေပါတယ် " လို့ ဒေါ်သီရိရတနာ က ပြောပါတယ်။

ဆင်ကောင်ရေ စုစုပေါင်း ၁၄ဝဝ နဲ့ ၂ဝဝဝ ကြား ကျန်တော့တဲ့အချိန်မှာ တပတ်ကို အနည်းဆုံး ဆင် ၁ ကောင်နှုန်း သတ်ဖြတ်ခံနေရတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြနေပြီး ဒီနှုန်းအတိုင်းဆက်သွားနေရင် ၂ဝ၃ဝ-၃၅ ခုနှစ် လောက်မှာ မြန်မာနိုင်ငံက ဆင်တွေကို တွေ့ဖို့ လွယ်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

"ဒီလို တပတ် တကောင်နှုန်းနဲ့ ပြည်တွင်းမှာ အသတ်ခံနေရသလို တဖက်မှာလည်း တနှစ်ကို မြန်မာ့ဆင် ၂၅ ကောင်ခန့်ဟာ ပြည်ပ ထိုင်းနိုင်ငံကို တရားမဝင် ရောင်းဝယ်ခံနေရပါတယ်။ တရုတ်နိုင်ငံဆီကိုတော့ အရေအတွက် မခန့်မှန်းနိုင်လောက်အောင် နည်းမျိုးစုံနဲ့ သတ်ဖြတ်ရောင်းဝယ်နေကြတာကို ရင်နာဖွယ် မြင်တွေ့နေရပါတယ်" လို့ ဆိုပါတယ်။

သတ်ဖြတ်ထားတဲ့ အစိတ်အပိုင်းတွေကို ပြည်တွင်းပြည်ပကို ရောင်းချတာမှာ ရန်ကုန်အပါအဝင် နိုင်ငံအတွင်းက မြို့တော်တော်များများနဲ့ အထူးသဖြင့် နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်၊ မိုင်းလား စတဲ့ဒေသတွေမှာ တောရိုင်းတိရ စ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို တရားမဝင် မှောင်ခိုရောင်းဝယ်နေတာ အဆိုးဆုံးအနေအထားမှာရှိတယ်လို့ ပြောပါတယ်။

"ဆင်ရဲ့အစိတ်အပိုင်းတွေကို ဆေးဝါးအနေနဲ့ အသုံးပြုတာကနေ ဒီနေ့ခေတ်မှာ အစားအသောက်နဲ့ လက်ဝတ်ရတနာအနေနဲ့ပါ ချဲ့ထွင်အသုံးပြုနေကြပြီဖြစ်ပါတယ်။ အစားအသောက်အနေနဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေရဲ့ စားသောက်ဆိုင်ကြီးတချို့မှာ ဆင်နှာမောင်းကို စွပ်ပြုတ်လုပ်ရောင်းနေပြီး ဟင်းတပွဲကို သိန်း ၃ဝ ခန့် ရှိပါတယ်။ ဆင်သားရေနဲ့ လုပ်ထားတဲ့ လည်ဆွဲတခု တန်ဖိုးဟာ အရည်အသွေးသိပ်မကောင်းရင်တောင် ဒေါ်လာ ၁ဝဝ ကျော်လောက် ဈေးပေါက်နေတာကို စစ်တမ်းတွေအရ သိရှိရပါတယ်" လို့ အဆိုရှင် ဒေါ်သီရိရတနာ က ဆိုပါတယ်။

ဒီအဆိုကို ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013