DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
တမာခါးချိုပါမှ ငြိမ်းချမ်းရေးတကယ်ရမှာလား…...
DVB
·
November 16, 2018
တမာခါးချိုပါမှ ငြိမ်းချမ်းရေးတကယ်ရမှာလား…...
Donate to DVB

ဒုန်း….ဆိုပြီး ပေါက်ကွဲသံတွေ ရှမ်းမြောက်တခွင်မှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အိမ်နီးချင်း တရုတ်နိုင်ငံက မီးရှူးမီးပန်း လွှတ်နေသလား၊ ဗြောက်အိုးဖောက်နေသလား၊ သီတင်းကျွတ်လပြည့်နေ့မှာ ဗြောက်အိုးအသံနေမှာဟု ပြည်သူများက ယုံမှတ်မှားနေကြသည်။ အမှန်ပင် သီတင်းကျွတ်၊ တန်ဆောင်တိုင်အတွင်း ဗြောက်အိုးမဖောက်ရဆိုသည့် ညွှန်ကြားစာက အွန်လိုင်း လူမှုကွန်ရက်အပြင် အိမ်တိုင်ရာရောက် သတိပေးစာ ညွှန်ကြားစာများ အစိုးရက ဖြန့်ဝေထားပြီးဖြစ်သည်ကို သတိမမူကြပေ။

ဒုန်း…..ဆိုသည့်အသံသည် ဗြောက်အိုးဖောက်သည့်အသံ မဟုတ်ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ လက်နက်ကိုင်အဖွဲ့နှင့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ TNLA တအာင်းပလောင် ပူးပေါင်းလက်နက်ကိုင် တပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားသည့် သေနတ်သံ၊ အမြောက်သံ လက်နက်ကြီးအသံများပင် ဖြစ်သည်။

“သီတင်းကျွတ်လပြည့်ညမှာမှ မုန်းရင် နမ္မတူရွာမှာ SSPP၊ TNLA ပူးပေါင်းအဖွဲ့နဲ့ RCSS ထိတွေ့မှုဖြစ်တယ်။ ရွာသားတွေ ပြေးရတာပေါ့။ အဲကနေစတာ။ အခု မုန်းရင်ဘက်က အခြေအနေ အေးဆေးနေပြီ။ တချို့ပြည်သူတွေက ပြန်ကြပြီ။ တချို့ကတော့ နမ္မတူမှာ ခိုလှုံနေရတုန်းပဲ။ အဲတိုက်ပွဲက ဒီဘက် လားရှိုးဘက်ကို ကူးလာတာ" ဟု မြေပြင်သတင်းယူနေသည့် ဒေသခံ သတင်းထောက်တဦးက သူတွေ့ကြုံနေရသည့် အနေအထားကို ရှင်းပြသည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ရွာသားများဖြစ်သည့် ပြည်သူများက နိုင်သလောက်ပစ္စည်း အဝတ်အစား၊ စောင် စသည်များသယ်ယူပြီး လွတ်ရာနေရာတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။ အခုဆိုရင် စစ်ဘေးရှောင် ခိုလှုံသူ တဖြည်းဖြည်း ပိုများလာသည်။ ပြည်သူလူထုများက စစ်ဘေးရှောင်နေပြီဆိုလျှင် အဓိက ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေးများက ထိခိုက်နစ်နာမှုရှိကြပြီး အမြဲတမ်း ထိတ်လန့်နေရကြောင်း သိရသည်။

“ဒီချိန်က ဒေသခံတွေ ပြောင်းသိမ်းတဲ့ရာသီဗျ၊ ပြောင်းစိုက်ထားတာလေး အဆင်ပြေမလားဆိုပြီး စိုက်ပျိုးတဲ့အချိန်တုန်းကလည်း တိုက်ပွဲသံတွေကြားမှ စိုက်ထားတာဖြစ်တယ်၊ အခုရိတ်သိမ်းခါနီးမှ ဒီလိုဖြစ်နေတော့ ဒေသခံတွေအတွက်က အများကြီး နစ်နာနေတာပေါ့" ဟု ဒေသခံသတင်းထောက်များက ဒေသ၏အခြေအနေကို ရှင်းပြသည်။

ထိုအဖြစ်အပျက်သည် ရှမ်းပြည်မြောက်ပိုင်းတခုသာ ရှိသေးသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းတွင်လည်း NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အချင်းချင်းဖြစ်သည့် RCSS/SSA တပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA သည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ငြိမ်းစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရာတွင် အရေးပါသည့်စာချုပ်ဟု အမည်တပ်၍ ရနိုင်သည်။ အောက်တိုဘာ ၁၅ ရက် ၂၀၁၈ တွင် NCA ချုပ်ဆိုခဲ့သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်ကို နေပြည်တော်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုကျင်းပစဉ်တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး အစပျိုးလာသည်မှာ ၂၀၁၁ ဦးသိန်းစိန်အစိုးရ လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းမှ သန္ဓေတည်လာခြင်းဖြစ်သည်။ ယခုဆိုလျှင် ၂၁ ရာစုပင်လုံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ် ကျင်းပပြုလုပ်ပြီးဖြစ်သည်။ ညီလာခံတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍများအတွက် အခြေခံမူ ၅၁ ချက် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ထို NCA ချုပ်ဆိုခဲ့သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်မှ “ခွဲမထွက်ရေး" နှင့် “တပ်မတော်တခုတည်းထားရှိရေး" စသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့စေသည့် အချက်များ ပေါ်ထွက်လာသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာစေသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အောင်မြင်တယ်ဆိုတာထက် ပိုပြီး ဆုတ်ယုတ်လာနေတာပဲ။ အောင်မြင်မှုမှမရှိဘဲ ငြိမ်းချမ်းရေးက သူတို့ NCA ထဲမပါတဲ့ ခွဲမထွက်ရဆိုတာ ပါလာပြီလေ။ အားလုံးလည်း ဝိုင်းကန့်ကွက်နေပြီ။ အဲဒါကို အောင်မြင်တယ်လို့ဆိုမှာလား။ ဆုတ်ယုတ်တဲ့သဘောပေါ့ဗျာ" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ်ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်အစိုးရအနေဖြင့်လည်း ရှမ်းပြည်နယ်တွင် အဓိကလုပ်ဆောင်ရန် ၁။ ငြိမ်းချမ်းရေး၊ ၂။ ငြိမ်းချမ်းရေး၊ ၃။ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးရရှိရန် အလွန်အရေးကြီးသည်ဟု ပြောဆိုထားသည်။ နိုင်ငံရေးအသိုင်းအဝိုင်း စုံညီစွာ တက်ရောက်ခဲ့သည့် အောက်တိုဘာ ၂၆ ရက် တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားထားသည်။

“ရှမ်းပြည်နယ်မှာ ပြည်ထောင်စုကြီးတရပ်လုံးမှာ အကျယ်ပြန့်ဆုံး ပြည်နယ်တခုဖြစ်ပြီး ပြည်ထောင်စုကြီးနှင့် တပြေးညီ တိုးတက်စေဖို့အတွက် လိုအပ်တဲ့ အရေးကြီးကိစ္စရပ်မှာ ပထမအရေးကြီး၊ ဒုတိယအရေးကြီး၊ တတိယအရေးကြီးဆိုတဲ့ ကိစ္စကတော့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ ကျနော်တို့အားလုံး ထိပ်တန်းဆောင်ရွက်ရမယ့် တာဝန်တရပ်ဖြစ်တယ်။"

ဘယ်လောက်ပဲ ငြိမ်းချမ်းရေး တည်ဆောက်ရန် လိုအပ်သည်ပြောပြော တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့မြင်နေရသည်။ ရှမ်းပြည်မြောက်ပိုင်းနေ အမည်မဖော်လိုသည့် ပြည်သူတဦးက “အရမ်းစိတ်နာဖို့ကောင်းတယ်၊ မဆီမဆိုင်ပေါ့နော၊ ဟိုလက်နက်ကိုင်အဖွဲ့လာလည်း ပေးရကမ်းရ၊ ဒီအဖွဲ့လာလည်း လူသစ်စုဆောင်း၊ ပြည်သူတွေက ခံပဲခံနေရတယ်။ ကျမအဖေဆို အဲဒီတိုက်ပွဲကြောင့် အသက်ပေးခံလိုက်ရတယ်။ အခု ရွာမှာဆိုရင် အဘိုးအဘွား၊ မိန်းကလေးနဲ့ ကလေးပဲကျန်နေခဲ့တယ်။ အရွယ်ရောက် ယောက်ျားလေး မရှိတော့ဘူး။ လူသစ်စုဆောင်းတာ မခံချင်လို့ နိုင်ငံခြားမှာ ထွက်ပြေးသွားကုန်ပြီ" ဟု မငြိမ်းချမ်းတဲ့အကြောင်းကို မျက်ရည်ဝဲပြီး ပြောပြသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရှိသလို တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုလည်း ရှိသည်။

ထိုသို့ မငြိမ်းချမ်းသေးသည့် ရှမ်းပြည်နယ် အနေအထားများကို ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တဦး၊ ပြည်သူ့ပါတီ တည်ထောင်သူ ဦးကိုကိုကြီးကလည်း ဤသို့ သုံးသပ်ပြောဆိုထားသည်။

“ငြိမ်းချမ်းရေးလို့ ပြောရင် တခါတလေကျတော့ စစ်ရေးက ရှေ့တန်းရောက်နေတယ်။ အမှန်က ဒါ နိုင်ငံရေးပြဿနာ ဖြစ်တယ်။ အဲတော့ ဒီပြဿနာကို ဖြေရှင်းတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအကျပ်အတည်းကိုလည်း ဖြေရှင်းဖို့ ကြိုးစားရတယ်။ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့လည်း ကြိုးစားရတယ်။ လွှတ်တော်တွင်း ရုန်းကန်လှုပ်ရှားမှုတွေမှာ တိုင်းရင်းသား နိုင်ငံရေးပါတီ အခန်းကဏ္ဍ ပါဝင်ဖို့ အင်မတန်အရေးကြီးတယ်။ တိုင်းရင်းသား နိုင်ငံရေးပါတီကို အလေးထားပြီးတော့ သူတို့ နိုင်ငံရေးပါဝင်မှု မြှင့်တင်ပေးမှု အရေးကြီးတယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေးလည်း အထောက်အကူဖြစ်တယ်လို့ မြင်တယ်။ တဖက်ကလည်း လွှတ်တော်ပြင်ပမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ လုပ်တဲ့ကိစ္စမှာ တဖက်က ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍ တိုးမြှင့်ပေးဖို့ ကျနော်တို့က ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။"

ပြောရင်းဆိုရင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင်သူ တထောင်နီးပါး ရှိလာပြီဟု အောက်တိုဘာ ၃၀ ရက် ညနေပိုင်း သတင်းများအရ သိရှိရသည်။ စစ်ဘေးရှောင် တိုးလာခြင်းသည် တိုက်ပွဲများ မရပ်သေးသည့်လက္ခဏာ ဖြစ်သည်ဟု ယူဆရသည်။ အမှန်တကယ်လည်း တိုက်ပွဲမရပ်သေးကြောင်း သတင်းများအရ သိရှိရသည်။

ထို့အပြင် NCA သုံးနှစ်ပြည့် နှစ်ပတ်လည်အစည်းဝေးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့စေသည့် ခွဲထွက်ရေးနှင့် တပ်မတော်တခုတည်း ရှိရန်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းလိတ်က ယခုလို သုံးသပ်ထားသည်။

“ခွဲမထွက်ရေးဆိုတာက ဗိုလ်ချုပ်ဆောင်ဆန်းက ခွဲထွက်ခွင့်ပြုခဲ့လို့ ဒီခွဲမထွက်ရေးကို ပြန်လှန်ပြီး ပြောနေရတဲ့ အနေအထားပါ။ တကယ်တော့ ၁၉၄၇/၄၈ ကတည်းက ပြည်ထောင်စုစနစ်ကို တည်ဆောက်လာတယ်။ ၁၉၅၈ ထိ ၁၀ နှစ်တိုင်ကို ကျနော်တို့ ရှမ်းပြည်အတွက်ပေါ့နော် လွတ်လပ်မှုတွေ၊ ငြိမ်းချမ်းမှုတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ နိုင်ငံရေးအရ လုပ်ဆောင်ပိုင်းအရ ထင်သလောက်ဖြစ်မလာဘူး။ တန်းတူညီမျှတဲ့ အနေအထား မရောက်ဘူး။ အဲဒါကိုပဲ ကျနော်တို့ တစိုက်မတ်မတ် တောင်းဆိုလာတာ။ ၁၉၆၁ ပြည်နယ်ပေါင်းစုံ ညီလာခံကြီးမှာလည်းပဲ ဒီ တန်းတူညီမျှမှုတွေကိုပဲ တောင်းဆိုတာ။ ခွဲထွက်မယ်လို့ ဘယ်သူမှမပြောဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေအတွက် စိတ်လုံခြုံမှုရအောင် သူ့မှာလည်းပဲ လိုအပ်ရင် ခွဲထွက်နိုင်တယ်ဆိုတဲ့ စာသားလေး ထည့်ထားတာဟာ အမှန်တကယ် ခွဲထွက်လိုတာထက်ကို ပြည်ထောင်စုတည်မြဲစေချင်တာလို့ ကျနော် နားလည်တယ်။ အဲတော့ စစ်မှန်တဲ့ ပြည်ထောင်စု တန်းတူညီမျှတဲ့၊ အခွင့်ရေးရတဲ့ ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ခွဲထွက်ရေးဆိုတဲ့ စကားလုံးကို ထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ အရေးမကြီးပါဘူး။ ခွဲမထွက်ချင်လောက်အောင် အနေအထားမျိုး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။"

လက်ရှိအခြေအနေတွင် NCA သုံးနှစ်ပြည့် အစည်းအဝေးမှ ထွက်လာသည့်ရလဒ်ကြောင့် NCA စာချုပ် လက်မှတ်ထိုးထားသည့် KNU ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ ၂၇ ရက်နေ့တွင် လတ်တလော ကျင်းပမည့် အစည်းအဝေးကို KNU က တက်ရောက်မှု ယာယီရပ်ဆိုင်းထားမှု အကြောင်းကြားစာကို ဒေါ်အောင်ဆန်းစုကြည်လိပ်မူပြီး ပေးပို့ခဲ့သည်။

တချိန်တည်းတွင် NCA စာချုပ် လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစုအဖွဲ့က ဖိတ်ကြားပြီး နိုဝင်ဘာလ ၁၊ ၂၊ ၃ ရက် ရန်ကုန်မြို့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအဖွဲ့သည် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ / ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဖြစ်သည်။

ထို့အပြင် တိုက်ပွဲများ လက်တွေ့လျော့ချနိုင်ရေး မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင် တရုတ်နိုင်ငံ ကူမင်းတွင် တွေ့ဆုံဆွေးနွေး သဘောတူညီချက်များ ရရှိခဲ့သည့် သတင်းများလည်း ကြားသိရသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့ အန်အယ်လ်ဒီပါတီ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌဟောင်း ခွန်သန်းလွင်ကလည်း ထိုသို့ အမြင်များဖြင့် သုံးသပ်ပြောဆိုထားသည်။

“အစိုးရရယ်၊ တပ်မတော်ရယ်၊ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရယ် ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးတွေက အပေးအယူ အလျော့အတင်းလေးနဲ့ သွားရဖို့ မြင်ပါတယ်။ လောလောဆယ်အထိကတော့ ငြိမ်းချမ်းရေးခရီး ဘယ်လောက်ထိ ပေါက်တယ်ဆိုတာ ပြောရခက်ပါတယ်။ ဘာလို့ဆို အခုပဲ ငြိမ်းချမ်းရေးသွားနေတယ်၊ အခုပဲ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါတွေ ရှေ့တိုးနောက်ဆုတ်လို့ မြင်တယ်။ ရှေ့ဆက်သွားဖို့က ကျေန်ာတို့ ပြည်သူလူထုတွေ၊ ဒီမိုကရေစီလိုလားတဲ့ ပါတီအသီးသီးတွေ လက်တွဲညီညီနဲ့ ဆက်လုပ်ရဦးမယ်လို့ မြင်ပါတယ်။"

လက်ရှိဆွေးနွေးနေသည့် ပြည်တွင်းငြိမ်းချမ်းရေးသည် ၂၀၀၈ ဖွဲ့စည်းပုံအတွင်း ဆွေးနွေးနေပြီး တိုင်းရင်းသားအတွက် အာမခံချက်မရှိတဲ့ ခွဲမထွက်ရမူကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ဆေထင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ပုလဲရတု အခမ်းအနားတွင် ဤသို့ သုံးသပ်ပြောဆိုသွားသည်။

“ပြည်တွင်းစစ်ရရှိဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် အစားထိုးမှ ပြည်တွင်းစစ်ရပ်စဲမှာ။ အဲလိုမှမဟုတ်ရင် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်နိုင်မှာမဟုတ်ဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံ သုံးကြိမ်ကျင်းပပြီးပြီ။ ၅၁ ချက်ရတယ်။ ဒါပေမယ့်လို့ အရေးကြီးတဲ့အချက် တချက်မှမပါဘူး" လို့ သုံးသပ်ပြောဆိုလိုက်သည်။

ထို့အပြင် အောက်တိုဘာ ၁၅ ရက်နေ့က NCA သဘောတူစာချုပ် ၃ နှစ်ပြည့်မှာ အစိုးရ၊ တပ်မတော်နှင့် EAO လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးဆုံးဖြတ်ချက်များ၊ လုံခြုံရေးကိစ္စများ မယ်မယ်ရရ မဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ပြောသွားသည်။

“နိုင်ငံရေးဆွေးနွေးရာမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေ ရေးဆွဲမယ်၊ တန်းတူရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ပါလို့ရှိရင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတာ ထည့်ရမယ်လို့ တပ်မတော်က အဆိုပြုထားတယ်။ ဒီအချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ သဘောမတူနိုင်တဲ့အချက် ဖြစ်တယ်။ ကျနော်တို့ မြောက်ပိုင်းအဖွဲ့ အနေနဲ့လည်း လက်ခံနိုင်ဖို့မရှိဘူး။ ဒါကတော့ ကျနော်က ခွဲထွက်ချင်လို့ မဟုတ်ဘူး။ ဒါပေမယ်လို့ အဲဒီမူနဲ့ ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်ထားမယ်။ ပြီးတော့ တပ်မတော်တခုတည်း ရှိရမယ်ဆိုတဲ့ အချက်ဟာလည်း အကယ်၍သာ ဒီတပ်မတော်က အရပ်သားအစိုးရ လက်အောက်မှာ ရှိမယ်ဆိုရင် ကျေန်ာတို့ လက်ခံကောင်းလက်ခံမယ်။ အခုလက်ရှိတပ်မတော်ဟာ အရပ်သားအစိုးရလက်အောက် မရှိတော့ ကျနော်တို့ စဉ်းစားရခက်တယ်။ ဒါကြောင့် အထက်ပါအချက်အလက်တွေ အကြောင်းရပ်ကို ကြည့်မယ်ဆိုရင် တပ်မတော်က စွဲကိုင်ထားတဲ့ မူ ၆ ချက်၊ တပ်မတော်ရဲ့ Mind Set တွေ အခြေအနေ အရပ်ရပ်တွေ မပြောင်းလဲနိုင်ဘူးဆိုရင် သီချင်းမှာပါတဲ့အတိုင်း ခါးတမာချိုနေမှ ထဲကပေါ့။ တမာတွေချိုမှပဲ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မလားမသိဘူး" ဆိုသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ဆေထင်၏ သုံးသပ်ချက်သည်လည်း အလွန်ထိမိသည့် ဥပမာပေး ခိုင်းနှိုင်းမှုကြောင့် တက်ရောက်သည့် ပရိသတ်များက လက်ခုပ်သြဘာတီး အားပေးသည်ကို တွေ့ရသည်။

ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013