
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သံတဲကျေးရွာမှာ ဒီကနေ့မနက် ၅ နာရီကျော်လောက်က တရားမဝင် ဘင်္ဂါလီ ၁၀၆ ဦးကို တင်ဆောင်လာတဲ့ စက်လှေတစီး ဖမ်းဆီးရမိတယ်လို့ ကျောက်တန်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောပါတယ်။
“အားလုံး ၁၀၆ ယောက်၊ အဲဒီထဲမှာ ဘင်္ဂါလီ အမျိုးသမီးရော၊ ကလေးတွေရော ပါတယ်။ အမျိုးသားတွေရော၊ အခုတော့ သူတို့ကို သံတဲပင်လယ်ကမ်းခြေက ဆိုင်ကလုန်းမုန်တိုင်းဘေး ခိုလှုံရာနေရာမှာ ခဏထိန်းသိမ်းထားတယ်။ အကြမ်းအားဖြင့် သိရတဲ့ အနေအထားက သူတို့ ပင်လယ်ထဲမှာ ၂၅ ရက်လောက် ကြာပြီပေါ့နော်။ သူတို့ ဆီပြတ်သွားတာ။ ပြတ်သွားပြီးတော့ ဒီကမ်းဘက်ကို ထိုးတက်လာတာ။”
အဲဒီစက်လှေထဲမှာ အမျိုးသား အယောက် ၅၀၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ဖြစ်ကြောင်း သိရပါတယ်။
တရားမဝင် ဝင်ရောက်လာသူတွေဟာ ဘယ်နေရာကနေ ထွက်ခွာလာပြီး ဘယ်ကိုသွားမယ်ဆိုတဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ လတ်တလောမှာတော့ မသိရသေးဘဲ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စိစစ်နေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - Aye Mya Mya Myo











