DVB Logo
Home
ဆောင်းပါး
ဖွဲ့စည်းပုံကို မပြင်ရဲလို့ ခုံရုံးကိုမဲ
DVB
·
August 30, 2012
ဖွဲ့စည်းပုံကို မပြင်ရဲလို့ ခုံရုံးကိုမဲ
1 / 2
Donate to DVB

“လွှတ်တော်အသီးသီးက ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်ရမယ်” ဆိုတဲ့ ဦးတည်ချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးနဲ့ သမ္မတကို သဲကြီးမဲကြီး တိုက်ခိုက်နေတဲ့ လွှတ်တော်အမတ်တွေဟာ အခု နောက်ဆုံးအဆင့်အဖြစ် အမျိုးသားလွှတ်တော်ကနေ စွပ်စွဲပြစ်တင်တဲ့ အဆိုကို အတည်ပြုလိုက်ပါပြီ။ တကယ်လို့သာ ပြည်သူ့လွှတ်တော်မှာလည်း အတည်ပြု၊ ပြည်ထောင်စုလွှတ်တော်မှာလည်း အမတ် ၃ ပုံ ၂ ပုံက ထောက်ခံတယ်ဆိုရင် ဒီအဆို အတည်ဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတက ရာထူးကနေ ရပ်စဲပေးရမှာ ဖြစ်ပါတယ်။

[caption id="attachment_30013" align="alignleft" width="300" caption="လွှတ်တော်တက်ရောက်နေသည့် တပ်မတော်သားကိုယ်စားလှယ်များ"][/caption]

ထူးခြားတာ တခုက ဒီပြဿနာနဲ့ ပတ်သက်လို့ တပ်မတော်သား လွှတ်တော် အမတ်တွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်တာ မှန်တယ်။ အဆိုတင်ထားသူတွေ အဆိုကို ပြန်ရုပ်သိမ်း သင့်တယ်ဆိုပြီး ဆွေးနွေးသွား တာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ခုံရုံးဆုံးဖြတ်ချက် မှားယွင်းကြောင်း ကြေညာချက် ထုတ်ပြန်ပေးဖို့ ဆွေးနွေးစဉ် တုန်းကတော့ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဘက်ကမှ မရပ်တည်တော့ဘဲ နှစ်ဖက် ဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့သာ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

ကြံ့ခိုင်ရေးအမတ်တွေ အများစုဖြစ်တဲ့ လွှတ်တော်အမတ်တွေဘက်က သူတို့ကော်မတီတွေ ကော်မရှင်တွေသာ ပြည်ထောင်စုအဆင့် မဟုတ်ခဲ့ရင် အစိုးရအုပ်ချုပ်ရေးဘက်က ၀န်ကြီးတွေကို check and balance လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီအတွက် ပြည်ထောင်စုအဆင့် ရကို ရဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။

တကယ်တော့ ဒီကိစ္စကို ဘယ်သူကမှ အငြင်းပွားကြတာ မဟုတ်ပါဘူး။ ခက်တာက အရင်စစ်အာဏာရှင်တွေဟာ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို မဏ္ဍိုင်ကြီးတွေ တခုနဲ့ တခု အပြန်အလှန် ထိန်းကျောင်းနိုင်အောင် ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားခဲ့တာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ နဂို ဖွဲ့စည်းပုံ ရေးဆွဲစဉ်ကတည်းက သမ္မတနဲ့ အစိုးရအဖွဲ့လုပ်ပိုင်ခွင့်ကို အသားပေးပြီး လွှတ်တော်ဆိုတာ အစိုးရအဖွဲ့က လိုအပ်တာတွေကိုသာ ဥပဒေ ထိုင်ပြုပေးဖို့ ဆိုတဲ့ အနေအထား ရေးဆွဲထားခဲ့တာပါ။ ဒီအတွက် လွှတ်တော်ဖွဲ့စည်းပုံမှာလည်း လွှတ်တော်ဥက္ကဋ္ဌတွေကို လုပ်ပိုင်ခွင့် အလွန်အကျွံပေးပြီး ထိန်းထားနိုင်အောင် လုပ်ထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အရင်စစ်အစိုးရဟာ ရွေးကောက်ပွဲဆိုပြီး မည်ကာမတ္တလုပ်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ အားလုံးကို ဖွဲ့စည်းပုံအသစ်အောက်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ခု စလုံးမှာ ခွဲဖြန့်နေရာချထားလိုက်တော့မှ ပြဿနာက စတက်လာတော့တာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရလက်ထက်က နံပါတ် ၃ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ရပြီးတဲ့နောက် တိုင်းပြည်မှာ အရေးပါတဲ့ ခေါင်းဆောင်တယောက် ဖြစ်အောင် ကြိုးစားရင်း ကြိုးစားရင်း ခု အခြေအနေအထိ ဆိုက်လာတယ် ဆိုရင် မမှားပါဘူး။

လွှတ်တော်ကော်မတီတွေ ကော်မရှင်တွေဆိုပြီး ဖွဲ့လိုက်တာတွေကလည်း လွှတ်တော်အမတ်တွေ ကုန်သလောက်အပြင် အပြင်လူတွေတောင် အများကြီး ပါပါတယ်။ ဒီအထဲ သူရဦးရွှေမန်းရဲ့ သားတယောက်တောင် ပါလိုက်ပါသေးတယ်။ နောက်ဆုံးစာရင်းအရ လွှတ်တော်ကော်မတီ ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း ၆၀၀ ၀န်းကျင်လောက်တောင် ရှိပါတယ်။ အဲဒီ ကော်မတီ ကော်မရှင်ဥက္ကဋ္ဌတွေ ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါက်တာအေးမောင်ကလွဲလို့ ကျန်တာအားလုံး ကြံ့ခိုင်ရေးပါတီဝင် အရင်ဝန်ကြီးတာဝန်ယူခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေချည်းပဲ ဖြစ်ပါတယ်။ တကယ်လို့သာ လွှတ်တော် ကော်မရှင် ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်ဆိုခဲ့ရင် အရင်ဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်လက်ဟောင်းတွေဟာ လက်ရှိ ၀န်ကြီးဖြစ်နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေကို ကောင်းကောင်း ဆင့်ခေါ် မေးခွန်းထုတ်နိုင်တဲ့အဆင့် ရှိသွားမှာ ဖြစ်ပါတယ်။

ဒါတင်မက လွှတ်တော်အမတ် ၆၀၀ ကျော်နဲ့ ပြင်ပကလူ အတော်များများ ဟာလည်း လွှတ်တော်ဥက္ကဋ္ဌက ခန့်အပ်ရုံနဲ့ ပြည်ထောင်စုအဆင့်တွေ ဖြစ်ကုန်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြံ့ခိုင်ရေးအမတ် အတော်များများ ဒီကိစ္စထဲ ဘာကြောင့် ထဲထဲဝင်ဝင် ၀င်ပါကြသလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ဖို့ လိုပါတယ်။

တကယ်ဆို ကြံ့ခိုင်ရေးပါတီဆိုတာဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အလှည့်ကျ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ အဖြည့်ခံဖွဲ့စည်းထားတဲ့ ပါတီသာ ဖြစ်ပါတယ်။ ဒီမိုကရေစီပါတီ မဟုတ်သလို ဘယ်တက်ကြွလှုပ်ရှားတဲ့ အရပ်သားမှ ထိပ်ပိုင်းရောက်လာပြီး အစိုးရ ရာထူးကြီးကြီး မရနိုင်ကြပါဘူး။ လွှတ်တော်ထဲ ရောက်နေတဲ့ အမတ်အများစုကလည်း ဒီနည်းလည်းကောင်းပါ ပဲ။ စောစောက တင်ပြခဲ့သလို မဏ္ဍိုင်ကြီး ၃ ရပ်ရဲ့ ထိပ်ပိုင်းနေရာတွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ နေရာရယူဖို့အတွက် အဖြည့်ခံသဘော ရောက်နေရသူတွေ ဖြစ်ပါတယ်။ လစာ ကျပ် ၃ သိန်း ရဖို့အတွက် မိသားစုစီးပွားရေးဘ၀တွေပစ်ပြီး လွှတ်တော်ထဲ လာထိုင်နေကြသူတွေ ဖြစ်ပါတယ်။ အခုလို သူတို့ကို ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ကိစ္စမှာ သမ္မတနဲ့ ဖွဲ့စည်းပုံခုံရုံးက ပယ်ချလိုက်တဲ့အပေါ် အတော့်ကို ကမူးရှူးထိုးဖြစ်ပြီး တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ ရေဘေး၊ စစ်ပွဲပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ အားလုံးကို လျစ်လျူရှုပြီး ပြည်ထောင်စုအဆင့် ကိစ္စကိုပဲ အားစိုက် လုပ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် တကယ့်အရင်းခံပြဿနာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဆိုတာကိုတော့ လေသံတောင် မဟရဲကြပါဘူး။

ဒီလို ရွေးကောက်ပွဲမှာ မသမာလုပ်ပြီး အမတ်ဖြစ်လာတဲ့ လူများစုကြီးက ဖွဲ့စည်းပုံ ခုံရုံးကို ဖြုတ်ချဖို့ ကြိုးစားနေပေမယ့် စစ်တပ်ကိုယ်စားလှယ်တွေကတော့ ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်တာဟာ မှန်တယ်။ အမတ်တွေ အဆိုကို ပြန်ရုပ်သိမ်းသင့်တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ စောင့်ထိန်းသင့်တယ် ပြောနေပါပြီ။ ဒီအတွက် ဖွဲ့စည်းပုံကို မပြင်ရဲလို့ ခုံရုံးကို ဖြုတ်ချဖို့ပဲ ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေကြောင့် စစ်တပ်ဟာ နိုင်ငံရေးထဲ အရင်ကလို ပါဝင်ပတ်သက်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013