DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စ အမေရိကန်၊ ယူကေနှင့် အီးယူ ဖိအားပေးနေ
DVB
·
November 16, 2018
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စ အမေရိကန်၊ ယူကေနှင့် အီးယူ ဖိအားပေးနေ
Donate to DVB

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုအပေါ်မှာ အမေရိကန်၊ ယူကေနဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေက ဖိအားပေးနေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးမြန်းမှုအပေါ် ပြောဆိုခဲ့တာပါ။

အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက “အမေရိကန်၊ အီးယူ၊ ယူကေတို့က သူတို့နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ဖိအားပေးနေတဲ့ အနေအထား ဖြစ်ပါတယ်။ ကျနော်တို့ ပြောချင်တာက ဒီအလုပ် လုပ်လာတာ ဇန်နဝါရီတည်းက စပြီးလုပ်လာပါတယ်။ ကော်မတီတွေဖွဲ့တယ်၊ အသေးစိတ် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်တယ်။ ကျနော်တို့ အခုဆိုရင် ၁၀ လ ကျော်သွားပါပြီ။ ဒါပေမယ့် သူတို့ အခုထိ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောနေတာ၊ သူတို့က ဘာစံချိန်စံညွှန်းတွေနဲ့ တိုင်းပြီးတော့ ပြောနေတာလဲ။ ကျနော်တို့လိုပဲ ကျနော်တို့ဒေသတွင်းမှာ အလားတူကိစ္စရပ်တွေ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့အနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်သွားပါ့မယ်။ ကုလသမဂ္ဂ မျက်နှာစာမှာလည်း ကျနော်တို့နဲ့ ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေ၊ နောက် ကျနော်တို့နဲ့ သဘောထားတူညီတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

ဒ့ါအပြင် ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNDP နဲ့ UNHCR တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေ နိုဝင်ဘာ ၁၅ ရက်က ပထမအသုတ်အဖြစ်  ပြန်လည်လက်ခံဖို့ မြန်မာဘက်က အဆင်သင့်ပြင်ဆင်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် မောင်တော တောင်ပြိုလက်ဝဲစခန်းမှာ သွားရောက် စောင့်ဆိုင်းနေပေမယ့် မနေ့ညနေပိုင်းအထိ တဦးတယောက်မှ ပြန်လည်ရောက်လာတာ မရှိသေးပါဘူး။

အဲ့ဒီလူတွေ ပြန်လာမယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ကျေးရွာတွေမှာ နေထိုင်နိုင်ဖို့နဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် စီမံဆောင်ရွက်ပေးထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပြန်လည်လက်ခံဖို့ သဘောတူထားတဲ့အတွက် ကျနော်တို့ဘက်ကတော့ အသင့်စောင့်နေမှာ ဖြစ်ပါတယ်။ သူတို့ဘက်ကလာတဲ့အပေါ် မူတည်ပြီး ကျနော်တို့ စိစစ် လက်ခံသွားမှာ ဖြစ်ပါတယ်။ UNHCR က ဂျနီဗာမှာ သတင်းထုတ်ပြန်ချက် တတိယအပိုဒ်မှာတော့ မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးတဲ့ MoU နဲ့အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်” လို့ ဦးမြင့်သူက ပြောပါတယ်။

နေရပ်စွန့်ခွာသူတွေကို သွေးထိုးလှုံ့ဆော်မှုတွေလည်း ရှိနေပေမယ့် ပြန်လာဖို့အတွက်ကတော့ သူတို့ရဲ့ သဘောဆန္ဒသာ အဓိကဖြစ်ပြီး ဆန္ဒအလျှောက် ပြန်လာတဲ့သူတွေ အားလုံးကို စိစစ်လက်ခံသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ရှင်းလင်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013