
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပေါင်း ၉သိန်းကျော်ရှိတဲ့အနက် ဆန္ဒမဲပေးသူပေါင်း ၃၈၂၉၆၁ ဦး ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်း ကျော်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအနက် တာမွေနဲ့ လဲချားမြို့နယ် မဲန္ဒနယ်တွေမှာ မဲပေးသူ ၃ဝ ရာခိုင်နှုန်းကျော်နဲ့ အနည်းဆုံးဖြစ်ပြီး ကန်ပက်လက်၊ မတူပီနဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာတော့ မဲပေးသူ ၆ဝ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။
ကြိုတင်မဲပေးသူပေါင်းကတော့ ၂၄၇၆၆ ဦးရှိပြီး ပယ်မဲ ၈၇၂၄ မဲ၊ ပျောက်မဲက ၇၅ မဲ ရှိတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ကျင်းပခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်အနက် ၂၄ သန်းနီးပါး မဲပေး ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။











