DVB Logo
Home
မြန်မာသတင်း
အာဆီယံ ဆန်းစပါးအသင်းချုပ်တွင် မြန်မာပါဝင်ရေး လေ့လာနေဆဲဟုဆို
DVB
·
August 29, 2012
အာဆီယံ ဆန်းစပါးအသင်းချုပ်တွင် မြန်မာပါဝင်ရေး လေ့လာနေဆဲဟုဆို
1 / 2
Donate to DVB

အာဆီယံ ဆန်စပါးအသင်းချုပ် ဖွဲ့စည်းရေးမှာ မြန်မာနိုင်ငံက ပါဝင်ရေး မပါဝင်ရေး လေ့လာသုံးသပ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ထိုင်းနိုင်ငံက ဦးဆောင်ပြီး အာဆီယံနိုင်ငံတွေထဲက စင်ကာပူနိုင်ငံလွဲလို့ ကျန် ၉ နိုင်ငံကို ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပြီးဖွဲ့စည်းမယ့်  အဲဒီအသင်းဟာ သတင်းလဲလှယ်မှုနဲ့ ဈေးနှုန်းထိန်းသိမ်းမြှင့်တင်ရေးအတွက် ရည်ရွယ်တာလို့ သူက ပြောပါတယ်။

“အာဆီယံ ဆန် ထုတ်တဲ့သူတွေ စုလိုက်မယ်ဆိုရင် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အလက်တွေ မျှဝေပြီး လုပ်လို့ရမယ်ပေါ့။ အပြန်အလှန် ကူညီလို့ရမယ်ပေါ့။ နောက် ရောင်းတဲ့နေရာမှာလည်း ဈေးနှုန်းနဲ့ ပတ်သက်ရင် ညှိနှိုင်းဆောင်ရွက်ဖို့ အေးပက် (အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့လို ဖွဲ့နိုင်ဖို့ စဉ်းစားကြတာ”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာကို ဒီအသင်းချုပ်မှာပါဝင်ဖို့ ဖိတ်ခေါ်ပြီး လွန်ခဲ့တဲ့ ၃ လလောက်က ထိုင်းကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာရောက် ဆွေးနွေးခဲ့တဲ့အကြောင်းနဲ့ မြန်မာက အဲဒီအသင်းမှာ ၀င်ရင် ရရှိမယ့်ရလဒ်တွေနဲ့ ပတ်သက်လို့ ကိုယ့်နိုင်ငံတွင်းမှာ တိုင်ပင်နေဆဲပဲလို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက မြစ်ရေကြီးမှုတွေကြောင့် ဆန်စပါးစိုက်ဧက သိန်းချီရေနစ်မြုပ်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအဖို့ ဒီနှစ် လျာထားသတ်မှတ်ချက်ကို ပြည့်မီရေး ဖြစ်နိုင်ခြေ အတော်နည်းတယ်လို့ သူက ခန့်မှန်းပါတယ်။

“ဒီအခြေအနေအရ ကျနော်တို့မြင်တာတော့ ၁ သန်းခွဲရဖို့ခက်မယ်။ မနှစ်က ၈ သိန်းခွဲ (ဆန်တန်ချိန်တင်ပို့မှု)ကို မီအောင်ကို ကျနော်တို့ တော်တော်ကြိုးစားရမယ်”လို့ ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ဆန်အရည်အသွေး နိမ့်ကျလွန်းတာကြောင့် တခြားနိုင်ငံက တင်ပို့တဲ့ဈေးနှုန်းနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းထိ ဈေးနိမ့်တာကို ကြုံနေရတာပါ။

ဆန် ထိပ်တန်းတင်ပို့ကြတဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ ဆန်အရည်အသွေးနဲ့ ထုတ်လုပ်မှုကို ယှဉ်ပြိုင်နိုင်အောင် မြန်မာနိုင်ငံဆန်စပါးအသင်းက အများပိုင်ကုမ္ပဏီ ထူထောင်ပြီး မြန်မာနိုင်ငံဘဏ်ချေးငွေနဲ့ နေရာ ၁၅ နေရာမှာ ဆန်စက်တွေ၊ ပေါင်းခံစက်တွေ၊ အခြောက်ခံစက်တွေ တိုးမြှင့် တပ်ဆင်ဖို့ ကြိုးပမ်းနေပြီလို့လည်း သူက ပြောပါတယ်။

မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံဘက်က မြန်မာဆန်ကို တရားဝင်မ၀ယ်ဘဲ မှောင်ခိုပဲ သွင်းခွင့်ရတာကိုလည်း တရားဝင် တင်ပို့နိုင်ရေး ကြိုးပမ်းပေးဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဝန်ကြီးကို တင်ပြထားရာမှာ ၀န်ကြီးက ကြိုးပမ်းပေးမယ်ဆိုတာ ကတိပြုထားတယ်လို့ ပြောပါတယ်။

မြန်မာ့ဆန်ဟာ တရုတ်နိုင်ငံဘက်ကို  အခုနှစ် ဧပြီလကစပြီး အခုထိ ၁ ရက်ကိုတန်ချိန် ၂ ထောင်၊ ဆန်အိတ် (၃၀၀၀၀) နဲ့ (၄၀၀၀၀) ကြား တင်ပို့နေတယ်လို့ ပြောပါတယ်။

ဒီလဆန်းကစတင်ပြီး မြစ်ရေကြီးခဲ့တာကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ လယ်ယာမြေတွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ဆန်စပါးအသင်းနဲ့ အစိုးရဘက်က ကြိုးပမ်းနေပါတယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း ဒေသ ၃ ခုမှာ အဓိကအားဖြင့် မျိုးစပါးကူညီမယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ဆန်စပါးအသင်းနဲ့ သဘာဝဘေးအန္တရာယ်ရန်ပုံငွေက လှူမယ့် မျိုးစပါးအရေအတွက်ကြောင့် ပြန်လည် စိုက်မယ့်လယ်တွေ အတွက် ဖူလုံနေပြီလို့ သူက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ စပါးတန်ချိန် ၃၁ သန်း (ဆန်တန်ချိန် သန်း ၂၀ ) ထုတ်လုပ်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013