DVB Logo
Home
မြန်မာသတင်း
ဓာတ်ငွေ့ပိုက်လိုင်း မကြာခဏပေါက်ထွက်မှုကြောင့် ဘီးလင်းလယ်သမားများ စိုးရိမ်နေ
DVB
·
November 15, 2018
ဓာတ်ငွေ့ပိုက်လိုင်း မကြာခဏပေါက်ထွက်မှုကြောင့် ဘီးလင်းလယ်သမားများ စိုးရိမ်နေ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက လယ်ကွင်းတွေနဲ့ ချောင်းမြောင်းတွေမှာ ဓာတ်ငွေ့ပိုက်လိုင်းတွေ မကြာခဏ ပေါက်ထွက်မှုဖြစ်နေတဲ့အတွက် လယ်ယာနဲ့ သီးနှံစိုက် တောင်သူတွေ စိုးရိမ်နေကြပါတယ်။

ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်အမတ် ဒေါက်တာခင်နိုင်ဦးက “ဓာတ်ငွေ့ပိုက်လိုင်းပေါက်နေတဲ့ နေရာကိုတော့ သီးနှံစိုက်လို့မရဘူးပေါ့။ လယ်ကွင်းဖြစ်တဲ့ အတွက် စပါးလည်းစိုက်လို့မရဘူး။ ပိုက်လိုင်းပေါက်တော့ တောင်သူတွေ စိုးရိမ်နေတာတွေ ရှိတယ်။ အနံ့တွေရနေတယ်။ ထပ်ပြီး ပေါက်ကွဲမလားဆိုပြီး စိုးရိမ်နေတာတွေရှိတယ်။ လုပ်ငန်း အတွက်လည်း ထိခိုက်တယ်။ အနှောင့်အယှက် ဖြစ်နေတယ်။” လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကန်ပေါက်အထိ သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ မိုင်ပေါင်း ၂၀၀ ကျော်ရှည်လျားပြီး မြေအောက် ၅ ပေအထိသာ တူးဖော်မြှုပ်နှံထားတာပါ။

အိုဟောင်းနေတဲ့ ပိုက်လိုင်းတွေက မကြာခဏဆိုသလို ပေါက်ထွက်နေတဲ့အတွက် အဲဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့နှစ်က မွန်ပြည်နယ်လွှတ်တော်မှာ တင်ပြထားတာဖြစ်ပြီး ၂ နှစ်အတွင်းဆောင်ရွက်ပေးမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက ကတိပေးထား တယ်လို့ သိရပါတယ်။

လွှတ်တော်အမတ် ဒေါက်တာခင်နိုင်ဦးက “ဓာတ်ငွေ့ပိုက်လိုင်းပေါက်တဲ့ကိစ္စက တချို့က ချောင်းတွေကို ဖြတ်ပြီးတော့ ဆွဲထားတော့ ရေစီးရေလာပိတ်ပြီးတော့ ချောင်းကောမြောင်းကော အဖြစ်များတယ်။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းကလည်း မေးခွန်းမေးခဲ့တယ်။ တချို့ရေလမ်းခရီး သွားမယ်ဆိုရင် ဒီပိုက်လိုင်းကြီးတွေ ပိတ်ထားတော့ ရေလမ်းက မသွားရဘဲနဲ့ ဆိပ်ကမ်းကနေ သွားရတာတွေရှိတယ်။ ဒါကြောင့်မို့ ပိုက်လုံးတွေကို လိုအပ်တဲ့ အတိုင်းအတာရောက်အောင် ပြန်နှိမ့်ပေးဖို့၊ ပေါက်တာတွေကိုဖာပေးဖို့ မေးခွန်းမေးခဲ့တုန်းက သက်ဆိုင်ရာဝန်ကြီးဌာနက ၂ နှစ်အတွင်း ပြန်နှိမ့်ပေးပါမယ်ဆိုပြီး ပြောတယ်။ ဒီနှစ်မှာတော့ အကြီးစား ပြုပြင်ဖို့ရှိတယ်။ ပိုက်လိုင်းအဟောင်းတွေကို အသစ်ပြန်လဲပေးဖို့နဲ့”

လက်ရှိဘီးလင်းမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းအများစုဟာ လယ်ကွင်းတွေထဲမှာ ပေါ်နေတဲ့အတွက် အနည်းဆုံး ၇ ပေ၊ ၁၀ ပေ နဲ့ ၁၅ ပေအထိ ပြန်လည်နှိမ့်ချပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ ကင်းရွာအနီးက လယ်ကွင်းတွေမှာ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ထွက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ဇူလိုင်လ တုန်းကလည်း ဘီးလင်းမြို့နယ်၊ ၀င်းက ကျေးရွာနားက လယ်ကွင်းတွေမှာ ဓာတ်ငွေ့ပေါက်ထွက်မှု ဖြစ်ပွားခဲ့ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013