
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ရွာမှာ အသက် ၁၄နှစ်အရွယ် ၈တန်း ကျောင်းသူ တယောက်ကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ အမျိုးသားတယောက်ကို နယ်မြေရဲစခန်းက ဖမ်းဆီး အမှုဖွင့်လိုက်ပါတယ်။
မလှိုင်မြို့နယ်၊ သရက်ကန်တောင်ရွာမှာ နိုဝင်ဘာလ ၁၃ ရက် ညနေက ကိုယ်ဝန်ဆောင် ၈ တန်း ကျောင်းသူတယောက် နေအိမ်ကုတင်ပေါ်က ပြုတ်ကျ သတိလစ်နေတာကြောင့် နှောကန်တိုက်နယ်ဆေးရုံကနေ မိတ္ထီလာဆေးရုံသို့ ပြောင်းရွေ့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
မိတ္ထီလာဆေးရုံမှာ ၄ ရက်ကြာ သတိလစ်နေရာက ကလေးမွေးလာတဲ့အတွက် သတိပြန်လည်လာလို့ ကလေးရဲ့ ဖခင်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တဝိုင်းတည်းအတူနေ ဇော်ဦးဆိုသူက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြတဲ့အတွက် အမှုဖွင့်လိုက်တာပါ။
သရက်ကန်ရွာခံတဦးက "အဓမ္မပြုကျင့်သူက ကလေးမလေးနဲ့ စပ်မယ်ဆို အမျိုးတော်တယ်။ လွန်ခဲ့တဲ့ ၇ လ လောက်က အဓမ္မပြုကျင့်တာလို့ ပြောတယ်။"လို့ ပြောပါတယ်။
မွေးဖွားလာတဲ့ကလေးငယ်ရော ကလေးရဲ့ မိခင်ပါ ကျန်းမာရေးကောင်းမွန် တယ်လို့ သိရပါတယ်။
နှောကန်နယ်မြေ ရဲစခန်းရဲအရာရှိကတော့ "ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပါပြီ ကျောင်းသူရဲ့ အမေကပဲ တရားလို လုပ်ပါတယ်"လို့ ပြောပါတယ်။
နှောကန်နယ်မြေရဲစခန်းမှာ ဇော်ဦးဆိုသူအား အမှုအမှတ် (ပ)၂၃/၂၀၁၈ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











