
ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ဝတ္ထုကို ပုံဖော် ရိုက်ကူးထားတဲ့ ‘မီ’ ရုပ်ရှင်ကားမှာ မင်းသမီးဆေးလိပ်သောက်တဲ့ ကိစ္စ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် မီရဲ့ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းတွေအပေါ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေး သံတမန်ဖြစ်တဲ့အတွက် ခုလိုသရုပ်ဆောင်မှုဟာ မသင့်တော်ဘူးဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ် လာခဲ့တာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ၀ါရင့်စာရေးဆရာ ဒါရိုက်တာကြီး ဦးဝင်းဖေကတော့ ခုလိုပြောလိုက်ပါတယ်။
“ခုတလော အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုတဲ့ ကိစ္စတခုဖြစ်တယ်။ ဘာလို့တုန်း ဆိုတော့ တော်တော်ကောင်းတဲ့၊ သပ်သပ်ရပ်ရပ်ရိက်ကူးထားတဲ့၊ စေတနာနဲ့ ကြိုးပမ်းထားတဲ့ ရုပ်ရှင်ကားတကားရှိတယ်။ မီတဲ့။ အဲဒီ မီဆိုတာက နာမည်ကျော်စာရေး ဆရာမကြီး ဒေါ်ကြည်အေး ဟိုး လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော်ကတည်းက ရေးခဲ့တဲ့ ၀တ္ထုဖြစ်တယ်။ အဲဒီထဲက အဓိက ဇာတ်ကောင်က မီတဲ့။ မီဟာ လူကောင်းမဟုတ်ဘူး။ ရာခိုင်နှုန်းအားဖြင့် လူဆိုးကြီးလား၊ အဲလို လည်း မဟုတ်ဘူး။ ဒါပေမယ့် တစုံတရာသော Character ရှိတယ်။ အဲဒါကို ဖော်ပြခြင်း အားဖြင့် ရသစာပေဖြစ်တယ်ဆိုပြီးတော့ နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့ပြီး ခုချိန်ထိလည်း ကြီးတုန်းပါပဲ။ အဲဒါကို ကြိုးစားပြီးတော့ တော်တော်အရည် အသွေးကောင်းတဲ့ ကားတကားရိုက်တယ်။ အဲဒီထဲမှာ ဇာတ်ကောင်က ဆေးလိပ်သောက်တယ်။ နောက်ပြီးတော့မှ သူလုပ်ချင်ရာတွေ လွတ်လွတ်လပ်လပ် လုပ်တယ်။ ဘာတွေညာတွေ အဲလိုပါတယ်ပေါ့။ ဒီလိုဟာမျိုးက အနုပညာမှာ ကာလဒေသအား လျော်စွာ ညီညွတ်အောင်လို့ ဆင်ပြီးတော့ပေါ့လေ။ အဲဒီကာလဒေသ သတ်မှတ် ပြီးတော့ ရေးတယ်။ အနုပညာ ဖန်တီးတယ်လို့ခေါ်တယ်။ ဥပမာပြောရလို့ရှိရင် ကျောက်ခေတ်ကို အခြေခံပြီးရေးတဲ့ အနုပညာစာပေတခုဆိုလို့ရှိရင် ဒါမှမဟုတ် ရုပ်ရှင်တခုဆိုလို့ရှိရင် မယဉ်ကျေးတဲ့၊ အ၀တ်အစားမဲ့တဲ့ Indecent Exposure ဆိုတာ၊ အဲလိုဟာမျိုးတွေ ပါတန်တာ ပါရလိမ့်မယ်။ ပါပေမယ့် ဒါမတတ်နိုင်ဘူး။ ကာလဒေသအားလျော်စွာ ဖန်တီးရတဲ့ အနုပညာလို့ အဓိပ္ပါယ်ရတယ်။ အဲဒီလောက်လွယ်တဲ့၊ စဉ်းစားဆင်ခြင်မယ်ဆိုရင် ထင်ရှားတဲ့ကိစ္စကို မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းအပါအ၀င် လူတော်တော်များများက ပြဿနာတခုလို ဝေဖန်နေတယ်။ ဒါမျိုးကို လွယ်လွယ်နဲ့ပြောရရင် မယောင်ရာ ဆီလူးတယ်လို့ ခေါ်ပါတယ်။”
မယောင်ရာ ဆီလူးတဲ့ ကိစ္စတွေများနေလို့ ဒီတိုင်းပြည်က ဒုက္ခရောက်တယ်ဆိုတာ သင်ခန်းစာယူဖို့ ကောင်းတယ်လို့လည်း ဒါရိုက်တာ ဦးဝင်းဖေက ပြောပါတယ်။
“အဲဒီတော့ ဒီလိုစဉ်းစားပြီးတော့ ဒီလိုဒီလို ပြဿနာလုပ်နေ တဲ့ ပုဂ္ဂိုလ်နဲ့ ဌာနတွေဟာ နည်းပါလိမ့်မယ်။ လူနည်းစုဖြစ်ပါလိမ့်မယ်။ သို့သော်လည်း အသံကတော့ တော်တော်ကျယ်တယ်။ လူတော်တော်များများကတော့ နားလည်မှာ ပဲ။ ဒါ ကာလဒေသအားလျော်စွာဆိုတာ နားလည်မှာပဲ။ ဒါပေမယ့် ဒီလိုကိစ္စတွေ၊ မယောင်ရာ ဆီလူးတဲ့ ကိစ္စတွေများနေလို့ ဒီတိုင်းပြည်က ဒုက္ခရောက်တယ်ဆိုတာ သင်ခန်းစာယူဖို့ အတွေ့အကြုံများနေပါပြီ။ ဒီကိစ္စက ဘာမှကြီးကြီး ကျယ်ကျယ်ကို စဉ်းစားစရာ မလိုဘူး။”
မီရုပ်ရှင်ကားကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူး ထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည် ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသား တယောက် အကြောင်းကို တင်ပြထားခဲ့တာပါ။
ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
“အတိအကျပြောချင်တာ ဒီထဲမှာပါတဲ့ ဇာတ်ကောင်က ဆေးလိပ်သောက်ပြီး ကျန်းမာရေး ချို့ယွင်းပြီး နောက်ဆုံးကျ ပျက်စီးပြီးတော့ သေဆုံးသွားတာထိ ပါတယ်။ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုပြီးတော့ ရိုက်ထားတဲ့ ကြော်ငြာဇာတ်ကားလို တောင်ဖြစ်နေပါတယ်။ ဒါ အတော်ထင်ရှားပါတယ်။ ဆေးလိပ်တွေသောက်ရင်းနဲ့ သူဌေးဖြစ်သွားတာကိုပြတဲ့ကား မဟုတ်ပါဘူး ခင်ဗျာ။ များများစားစားလည်း စဉ်းစားစရာ မရှိပါ ဘူးခင်ဗျာ။ အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေလို့ ကျနော်ပြောရတာပါ။ ကျေးဇူး တင်ပါတယ်ဗျာ။ နားထောင်ပေးကြလို့။”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစ ရုံတင်ခဲ့တဲ့ မီရုပ်ရှင်ကားအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ပိုင်ဖြိုးသုဟာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ ဒီကားအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဦးဝင်းဖေရဲ့ အမြင်ကိုတော့ သမီးဖြစ်သူ မီမီဝင်းဖေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မီအကြောင်း ဦးဝင်းဖေအမြင်ဆိုပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။










