DVB Logo
Home
မြန်မာသတင်း
မကူးစက်သည့်ရောဂါများကို မထိန်းချုပ်နိုင်ပါက ကျန်းမာရေးပြဿနာကြီးဖြစ်လာမည်ဟု သတိပေး
DVB
·
November 14, 2018
မကူးစက်သည့်ရောဂါများကို မထိန်းချုပ်နိုင်ပါက ကျန်းမာရေးပြဿနာကြီးဖြစ်လာမည်ဟု သတိပေး
Donate to DVB

မြန်မာနိုင်ငံဆေးရုံတွေမှာ လူနာတွေသေဆုံးမှုရဲ့ ၆၈ ရာခိုင်နှုန်းလောက်ဟာ ဆီးချိုလို မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့်ဖြစ်ပြီး ခုချိန်မှာ မထိန်းချုပ်နိုင်ရင် နောင် ၅နှစ်မှာ ပြည်သူ့ ကျန်းမာရေး ပြဿနာကြီးဖြစ်လာမယ်လို့ ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေးက သတိပေး လိုက်ပါတယ်။

နိုဝင်ဘာ ၁၃ရက်က နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ဆီးချိုရောဂါ ပညာပေးကုသဌာနနဲ့ အထူးကု ပြင်ပလူနာဌာန (၂) ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားတာပါ။

“စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ဆေးရုံများရှိ လူနာများ သေဆုံးမှုရဲ့ ၆၈ ရာခိုင်နှုန်းခန့်ဟာ မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်တာကို တွေ့ရှိရပါတယ်။ အရင်က HIV/ AIDS၊ တီဘီနဲ့  ငှက်ဖျားရောဂါတွေလို ကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုများပြားခဲ့ပြီး အခုတော့ မကူးစက် နိုင်သော ရောဂါများဟာ ပြည်သူ့ကျန်းမာရေး ပြဿနာအသွင် ဖြစ်ပွားလာတယ်”လို့ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျေးလက်ကျန်းမာရေးဌာနနဲ့  ဒေသန္တရကျန်းမာရေးဌာန ၁၇၇၅ ခုမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါကုသရေးဆေးခန်းတွေ ဖွင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်လို့လည်း ၀န်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။

ဆီးချိုရောဂါပညာပေးကုသဌာနတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးနဲ့  နေပြည်တော်ဆေးရုံကြီးတို့မှာ ဖွင့်လှစ်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈ခုနှစ်မှာ ကမ္ဘာတ၀န်း မကူးစက် နိုင်တဲ့ ရောဂါဖြစ်ပွားသူ ၄၁သန်းခန့်ရှိပြီး အသက် ၃၀နှစ် ကနေ ၆၉နှစ် အရွယ်တွေမှာ  ဖြစ်ပွားမှု များပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013