DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမ၀င် မြန်မာ ၃၈ ဦး ဖမ်းဆီးခံရ၊ ကားသမားထွက်ပြေး
DVB
·
November 14, 2018
ရနောင်းတွင် တရားမ၀င် မြန်မာ ၃၈ ဦး ဖမ်းဆီးခံရ၊ ကားသမားထွက်ပြေး
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် ညက ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းဒေးလီးနယူးစ် သတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က ရနောင်းခရိုင်၊ ဆုခ်ကျရုန်းမြို့နယ်၊ နားခါးအုပ်စုထဲမှာ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ရနောင်းဘက်ကို လှေစီးဝင်ရောက်လာတဲ့ မသင်္ကာကာဖွယ် လူတစု ရောက်ရှိနေကြောင်း ဒေသခံထိုင်းငါးဖမ်းသမားတွေက သက်ဆိုင်ရာကို သတင်းပို့ထားလို့  ဂိတ်တွေမှာ စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ ရနောင်းခရိုင် ရဲမှူးကြီး ထိသီဖုန်းအင်းဝဆာက နိုဝ င်ဘာ ၁၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဲဒီနောက် နားခါးအုပ်စု နားဖလူးလှေဆိပ်ကနေ မသင်္ကာတဲ့ ကား ၃ စီးထွက်ခွာလာ တယ်လို့ သတင်းရရှိကြောင်း၊  ညသန်ခေါင်ယံအချိန်မှာတော့ အညိုရောင် ဟိုင်းလပ်ကား တစီးဟာ ကမ်းဖွန်းရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာကြောင်း၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ တားဆီးပေမယ့် ရပ်မပေးဘဲမောင်းပြေးစဉ်  တားဆီးထားတဲ့သံချောင်းရှည်ကို နင်းမိပြီး ကားရှေ့ဘီးရော နောက်ဘီးပါ ပေါက်ထွက်သွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကားက မောင်းလို့ရနေတုန်းမို့ ရှေ့ကိုဆက်မောင်းသွားရာမှာ ရဲကားကလည်း အနောက်ကနေ လိုက်လံဖမ်းဆီးခဲ့လို့  ဖစ်ကဆဲမ်လမ်းအရောက်မှာ ရပ်ထားတဲ့ အဆိုပါကားကို တွေ့ရပြီး တရားမ၀င် မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

ကားသမားကတော့ ထိုင်းလူမျိုးဖြစ်ပြီး အနီးက ရာဘာတောထဲကို မှောင်ရိပ်ခို ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

တာဝန်ရှိသူတွေဟာ နောက်ထပ်ကား  နှစ်စီးကိုလည်း လိုက်လံရှာဖွေရာမှာ နားဖလူး လှေဆိပ်နားမှာ ရပ်ထားတာတွေ့ရပြီး နောက်ထပ် တရားမ၀င် ၀င်လာတဲ့  မြန်မာ ၃၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီ ကားသမား နှစ်ဦးဟာလည်း ထိုင်းလူမျိုးတွေဖြစ်ပြီး ကားနဲ့ သူတို့တွေကို လမ်းဘေးမှာ ချန်ခဲ့ကာ ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာ ၃၈ ဦးမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၅ ဦးပါဝင်ပြီး သူတို့တွေဟာ ပွဲစားရဲ့အဆက်အသွယ်နဲ့ ထိုင်းတောင်ပိုင်း ဖန်င၊ ကရပီ၊ ဖူးကစ် နဲ့ ဆုန်ခလာ ခရိုင်တွေမှာ သွားပြီး အလုပ်လုပ်ဖို့ ဖြစ်ကြောင်း၊ လမ်းစရိတ်နဲ့ ပွဲစားခကိုတော့ ဆိုက်ရောက်တော့မှ လာကြိုမယ့် အလုပ်ရှင်တွေက ငွေရှင်းပေးမယ်လို့  အဖမ်းခံရသူတွေက ပြောပါတယ်။

ရနောင်းခရိုင် ရဲတပ်ဖွဲ့က သူတို့ကို နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူ သွားမှာဖြစ်ပြီး ထွက်ပြေးတဲ့ကားသမားနဲ့ တခြား ဆက်နွှယ်သူတွေကို ဆက်လက်စုံစမ်း ဖော်ထုတ် အရေးယူမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013