
ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာကွယ်ဖို့ ကြိုးစားနေတယ်ဆိုပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒေါက်တာ မဟာသီဟာ မိုဟာမက်က အပြင်းအထန် ပြစ်တင် ဝေဖန်လိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေး တက်နေတဲ့ မလေးရှားဝန်ကြီးချုပ်က နိုဝင်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြဿနာအပေါ်ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲလို့ သတင်းထောက်ရဲ့ မေးမြန်းချက်ကို ပြောကြားလိုက်တာပါ။
မလေးရှားဝန်ကြီးချုပ် မဟာသီယာက “ကျနော်တို့ အရမ်းကို စိတ်ပျက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ထိန်းသိမ်းခံခဲ့ရဖူးတဲ့ လူတယောက်က ဆင်းရဲဒုက္ခ အခက်အခဲ ခံစားရတာတွေကို သိသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မကာကွယ်ရမယ့်အရာကို ခုခံကာကွယ်ပေးဖို့ ကြိုးစားနေပုံပေါက်နေတယ်” လို့ ပြောပါတယ်။
တကယ်တော့ သူတို့ဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်နေတယ်၊ အစုလိုက် အပြုံလိုက်ကို ရက်ရက်စက်စက်သတ်ပြီး သင်္ချိုင်းမှာ တွင်းတူးမြှုပ်တယ်။ ဒီလိုကိစ္စမျိုးတွေဟာ ရှေးရှေးတုန်းက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မျက်မှောက်ခေတ်မှာတော့ မဖြစ်သင့်ဘူးလို့လည်း မဟာသီယာက ပြောပါတယ်။
မဟာသီယာ မိုဟာမက်ဟာ အသက် ၉၃ နှစ်အရွယ်မှာ တကျော့ပြန် အာဏာရလာတာ ဖြစ်ပြီး အာဆီယံ ခေါင်းဆောင်တွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။











