DVB Logo
Home
Lead Story
ကျောင်းတွင်း အကြမ်းဖက်အနိုင်ကျင့်ခြင်း (School Bullying)
DVB
·
November 14, 2018
ကျောင်းတွင်း အကြမ်းဖက်အနိုင်ကျင့်ခြင်း (School Bullying)
Donate to DVB

တနေ့က ဖတ်လိုက်ရတဲ့ စာတမ်းတခုထဲမှာ UNICEF ရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာပေါ်ရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အတွင်းရှိ လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ ကျောင်းတွင်း အကြမ်းဖက်အနိုင်ကျင့်ခြင်း (School bullying) ကို တွေ့ကြုံခံစားနေရတယ်လို့ ဖတ်လိုက်ရပါတယ်။

လူဦးရေအရဆိုရင်တော့ သန်း (၁၅၀) လောက် ခံနေရတာဖြစ်မှာပါ။ ဒီလိုခံနေရတဲ့ နိုင်ငံတွေထဲမှာ အများဆုံးနိုင်ငံကတော့ ဂျပန်နိုင်ငံက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံက ဒုတိယလိုက်တယ်လို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာန (Mental Health Department) ရဲ့ စစ်တမ်းက ဆိုပါတယ်။

ကိုယ်ငယ်ငယ်က ယောကျာ်းလေးတွေထဲမှာ နည်းနည်းနွဲ့နေတော့ ယောကျာ်းလေးတွေပဲတက်တဲ့ အမျိုးသားကျောင်းမှာ အခုလို ကျောင်းတွင်းဗိုလ်ကျတာကို အနည်းနဲ့အများ ခံခဲ့ရတယ်။

ဒါပေမယ့် ဝိုင်းဝန်းအားပေးတဲ့ သူငယ်ချင်းကောင်းတွေ ဆရာမ ကောင်းတွေကြောင့် ဆိုးဆိုးဝါးဝါးအဆင့်တော့ မရောက်ခဲ့ပါဘူး။ ကိုယ်တိုင်ကလည်း ငြိမ်ခံတာမဟုတ်ဘဲ ဆတ်ဆတ်ထိမခံ ပြန်စွာ ပြန်တုံ့ပြန်တတ်တဲ့ လူမျိုးဆိုတော့ ရင်ဆိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် အနိုင်ကျင့်ခံရရင် ဘယ်လောက် မလုံမခြုံဖြစ်သလဲ။ သက်ရောက်မှုတွေ ရှိသလဲဆိုတာ ကောင်းကောင်းစာနာမိပါတယ်။

ဒီလို ကျောင်းတွင်းအကြမ်းဖက် အနိုင်ကျင့်ခြင်းတွေမှာ ပုံစံအမျိုးမျိုး ရှိတတ်ပါတယ်။

ပထမတခုကတော့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းပါ။ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းဆိုတာ အနိုင်ကျင့်သူ (bully) နှင့် အနိုင်ကျင့်ခံရသူ (victim) တို့အကြား မလိုချင် မလိုလားအပ်တဲ့ ထိတွေ့ဆက်ဆံခြင်းမျိုးကို လုပ်ဆောင်တာဖြစ်ပါတယ်။ ဥပမာ- တိုက်ခိုက်ရန်ဖြစ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အရှက်ရစေခြင်း၊ လည်ပင်းညှစ်ခြင်း၊ မသင့်လျော်စွာ ထိကိုင်ခြင်း၊ ကန်ခြင်း၊ လိမ်ဆွဲခြင်း၊ ဆံပင်ဆွဲခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ တွန်းခြင်း၊ မခံနိုင်အောင်စခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ဖြစ်ပါတယ်။

ဒုတိယကတော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ အနိုင်ကျင့်သူကနေ အနိုင်ကျင့်ခံရသူရဲ့ စိတ်ခံစားမှု အခြေအနေကို ဒဏ်ရာရစေအောင် လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ ဥပမာ- တဖက်လူ ထိခိုက်စေမည့် ကောလာဟလသတင်းများ ဖြန့်ခြင်း၊ တဖက်လူကို ဆန့်ကျင်ရန် လူစု၍ အသင်းဖွဲ့ခြင်း၊ ရည်ရွယ်ချက်ရှိစွာ တဖက်လူကို လျစ်လျူရှုခြင်း၊ ရယ်စရာ၊ လှောင်စရာ ပြုလုပ်ခြင်း၊ ထိခိုက်စေသော စကားများဆိုခြင်း စသည်တို့ ဖြစ်ပါတယ်။

တတိယကတော့ နှုတ် (စကားလုံး) ဖြင့် အနိုင်ကျင့်ခြင်းပါ။ နှုတ်ဖြင့် အနိုင်ကျင့်ခြင်းဆိုတာ မဟုတ်မမှန်သော စွပ်စွဲချက်တွေနဲ့ တဖက်လူကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပေါ်စေအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဥပမာ- တဖက်လူကို တိုက်ခိုက်သော စကားလုံးများဖြင့် တိုက်ရိုက်ပြောဆိုခြင်း၊ တဖက်လူ၏ ဂုဏ်သိက္ခာနှင့် နာမည်ပျက်အောင် ပြောဆိုခြင်း၊ တဖက်လူ၏ ပုံသဏ္ဌာန်၊ အဝတ်အစားနှင့် ခန္ဓာကိုယ်ကို စော်ကားပြောဆိုခြင်း၊ ပျက်ရယ်ပြုခြင်း၊ သိမ်ငယ်အောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။

ခေတ်ကာလအရ ပေါ်ပေါက်လာတဲ့ စတုတ္ထတမျိုးကတော့ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှု ဆိုသည်မှာ social networks များ၊ websites များတွင် posts များတင်ခြင်း၊ text messages များ၊ email များမှတဆင့် online တွင် နေရာယူ၍ တဖက်လူကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

ကျောင်းတွင် အနိုင်ကျင့်တိုက်ခိုက်မှုမှာ အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုးရယ်နဲ့ တဦးတယောက်ချင်း အနိုင်ကျင့်တာမျိုးရယ်ဆိုပြီး ရှိတတ်ပါသေးတယ်။ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း (pack/group bullying) ဆိုတာကတော့ လူခြင်းဖြစ်စေ၊ ဆိုက်ဘာမှဖြစ်စေ တဖက်လူကို ရုပ်ပို်င်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိခိုက်စေရန် အုပ်စုဖွဲ့တိုက်ခိုက်ခြင်း ဖြစ်သည်။

လူချင်းတွေ့ပြီး အနိုင်ကျင့်တာတွေကို ကျောင်းဝန်းကျင်၊ အားကစားခန်းမနဲ့ ကျောင်းကားများပေါ်တွင် ဖြစ်တတ်ပါတယ်။ ကျောင်းသွားကျောင်းပြန်လုပ်တဲ့ လမ်းပေါ်မှာလည်း ဖြစ်တတ်ပါတယ်။

တဦးတယောက်ချင်း အနိုင်ကျင့်ခြင်း (individual bullying) ဆိုတာကတော့ တယောက်က တယောက်ကို စိန်ခေါ်ပြီး လူချင်းတွေ့၍သော်လည်းကောင်း၊ ဆိုက်ဘာကို အသုံးပြု၍သော်လည်းကောင်း တိုက်ခိုက်ခြင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း ဖြစ်ပါတယ်။ အုပ်စုဖွဲ့၍ တိုက်ခိုက်ရန် မဖြစ်နိုင်တဲ့ ရေချိုးခန်းကဲ့သို့သော နေရာမျိုးတွင် ဖြစ်တတ်ပါတယ်။

ကျောင်းတွင်း အနိုင်ကျင့်တာကို ခံရတဲ့အခါ ခံရတဲ့ကလေးဟာ အမြဲတမ်း ကြောက်လန့်စိုးရိမ်နေရတာ ခံစားနေရပါတယ်။ အနိုင်ကျင့်ခံရမယ်ဆိုတဲ့ စိတ်ကြောင့် ပျော်ရွှင်တက်ကြွမှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ကြာလာတဲ့အခါ စိတ်ကျရောဂါတွေ စိတ်ဖိစီးမှုတွေ ခံစားလာတတ်ပါတယ်။ ယုံကြည်မှုပျောက်ဆုံးတာမျိုး ကိုယ်တိုင် တန်ဖိုးမထားတော့မျိုးတွေ ရှိလာပါတယ်။ ပညာရေး၊ ဖွံ့ဖြိုးရေးအပေါ် ထိခိုက်လာပါတော့တယ်။ အနိုင်ကျင့်မှုက ပြင်းထန်လာတဲ့အပြင် တိုင်ကြားသင့်တဲ့ မိဘဆရာတွေကို မတိုင်ကြားရတဲ့ အခါမျိုးမှာ နောက်ဆုံး မိမိကိုယ်မိမိ သတ်သေတာတွေ လုပ်လာတတ်ပါတယ်။

ဒါကြောင့် ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို မြင်တဲ့အခါမှာ ဘယ်သူမဆို တားဆီးပေးဖို့ လိုအပ်တယ်။ ဆရာဆရာမတွေအပြင် ကျောင်းဝန်ထမ်းတွေ အားလုံးက သိထားပြီး ဖြေရှင်းတာ တားဆီးတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ တခါတလေ ဆရာဆရာမ အရေအတွက်နဲ့ ကျောင်းသားအရေအတွက် မကိုက်ညီဘဲ များလွန်းတဲ့အခါ ကျောင်းသားအချင်းချင်း တားဆီးတတ်အောင် သင်ကြား ပညာပေးသင့်ပါတယ်။ စာသက်သက်မဟုတ်ဘဲ စိတ်ဓာတ်တွေ ကောင်းလာအောင် အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ အပြုအမူလေးတွေ မရှိလာအောင် သွန်သင်ဖို့ အထူးလိုအပ်ပါတယ်။

မိဘတွေကလည်း ကိုယ့်သားသမီးရဲ့ အခြေအနေကို လေ့လာနေတတ်ဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့ပုံ ရှိနေလား၊ ဒဏ်ရာဒဏ်ချက်တွေ ရှိနေလား၊ ကျောင်းသွားချင်တဲ့စိတ် မရှိနေလား ဆိုတာတွေကို အကဲခတ်ပြီး ဆရာဆရာမတွေ သူ့သူငယ်ချင်းတွေနဲ့ မေးမြန်းစုံစမ်းတာ လုပ်သင့်ပါတယ်။ ကိုယ့်သားသမီး ကိုယ်တိုင်က တခြားသူတွေကို အနိုင်ကျင့်တာတွေ မလုပ်အောင် သွန်သင်ဆုံးမပေးဖို့ လိုပါတယ်။

အောင်မျိုးမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013