DVB Logo
Home
မြန်မာသတင်း
တောင်ငူမြို့ရေကြီးမှု တလကျော်ကြာသည့်တိုင် ရေမကျသေး
DVB
·
August 29, 2012
တောင်ငူမြို့ရေကြီးမှု တလကျော်ကြာသည့်တိုင် ရေမကျသေး
1 / 3
Donate to DVB

ပြီးခဲ့တဲ့လကတည်းက ရေကြီးနေတဲ့  ပဲခူးတိုင်း တောင်ငူမြို့မှာ အခုချိန်ထိ ရေမကျသေးဘူးလို့ တောင်ငူမြို့ခံတဦးက ပြောပါတယ်။

တောင်ငူမြို့ အမှတ် ၉၊ ၁၀ မိုးကောင်းနဲ့ အလယ်ကျွန်းတွေမှာ စစ်တောင်းမြစ်ရေတက်မှုနဲ့ အနီးအနားက ခပေါင်း၊ ပသိနဲ့ သောက်ရေခပ်ဆည်တွေ ရေလွှတ်မှုကြောင့် ဇူလိုင်လ ၂၂ ကတည်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာပါ။

[caption id="attachment_29978" align="alignleft" width="300" caption="တောင်ငူမြို့ ရေကြီး"][/caption]

ရေကြီးနေတာ တလခွဲလောက် ရှိပေမယ့် ရေမကျသေးသလို ကယ်ဆယ်ရေး စခန်းဖွင့်ထားပေမယ့် အကူအညီပေးတာတွေ မရှိဘူးလို့ တောင်ငူမြို့ခံ ကိုအောင်ဇေယျက ပြောပါတယ်။

“ရေကတော့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ကတည်းက ကြီးတာ အခုထက်ထိတော့ ကျသွားတာ ၆ လက်မလောက်တော့ကျသွားတယ်။ ရေကတော့များတယ်၊ ၁၀ ရပ်ကွက်ဆို လူတရပ်ကျော်လောက် မြုပ်တယ်။ မိုးကောင်းကတော့ ခါးလယ်လောက်ထိရှိတယ်။ ဒုက္ခသည်စခန်းတွေကတော့ မဖွင့်သေးဘူး။ တချို့တွေကတော့ စင်ထိုးပြီး နေရတာမျိုးတောင် ရှိတယ်။ ကျောင်းသွားတဲ့သူတွေကတော့ လှေတတ်နိုင်သူကလှေနဲ့၊ မတတ်နိုင်သူကတော့ ရေစိုခံပြီး သွားရတာ။ ဒီအတိုင်း စာသင်ပြီး ရေထဲပြန်လာရတာပေါ့။ အခု ရေကြီးတော့ မြွေတွေ ကင်းတွေ အန္တရာယ်ကတော့ရှိတယ်။ အကူအညီတွေက စားသောက်နေထိုင်ရေး၊ ကျန်းမာရေးတို့ လိုကြတယ်။ ဒီမှာ အကူအညီ သိပ်မရှိသေးဘူး။”

ရေကြီးတဲ့ ရပ်ကွက်တွေက အိမ်ခြေ ၂၀၀၀ လောက် ရေဘေးဒုက္ခရောက်နေပြီး  တုပ်ကွေးနဲ့ ၀မ်းပျက်ဝမ်းလျော ရောဂါတချို့ ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ပဲခူးတိုင်း က၀မြို့နယ်မှာတော့ ရေကျသွားတဲ့အတွက် အချို့ရွာက ကျောင်းတွေ ပြန်ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လယ်ဧက ၂၈၀၀၀ လောက် ပျက်စီးတဲ့အတွက် လယ်ပြန်စိုက်ရေး အခက်ဖြစ်နေတယ်လို့ က၀မြို့နယ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးခိုင်က ပြောပါတယ်။

“ရေတော့ နည်းနည်းကျသွားပြီ။ လယ်သမားတွေ အနေနဲ့ကတော့ လယ်တွေ ပျက်တာပေါ့နော်။ လယ်ဧက ၂၆၀၀၀ နဲ့ ၂၈၀၀၀ ကြားလောက် ရှိတယ်။ သူတို့တွေ အနေနဲ့ ပြန်စိုက်ဖို့ နည်းနည်းဒုက္ခရောက်တာပေါ့။ မျိုးစပါးတို့၊ စိုက်ပျိုးစရိတ်ငွေပေါ့။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆုံးရှုံးသွားတဲ့ လယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထပ်ပေးမယ်လို့တော့ ကြားနေတယ်။ အဲဒါတော့ အတိအကျ မဟုတ်သေးဘူးပေါ့။ လယ်က လုပ်လို့ရတဲ့အဆင့်တော့ မဟုတ်သေးဘူး။”

ဧရာဝတီတိုင်း ကံကြီးထောင့်မြို့နယ် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကျသွားပေမယ့် အနီးနားက ကျေးရွာအတော်များများ ရေမကျသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ကျောင်းကုန်းမြို့မှာလည်း ရေကျသွားတာကြောင့် မြို့ပေါ်က ကျောင်းအားလုံး ဒီနေ့ ပြန်ဖွင့်နေပြီလို့ ကျောင်းကုန်းအန်အယ်ဒီဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောပါတယ်။

ဒီလဆန်းကစတင်ပြီး  မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  မြစ်ရေလျှံပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013