DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့ရေပြန်ကျ၊ လယ်ပြန်စိုက်ဖို့ပြင်
DVB
·
August 29, 2012
သာပေါင်းမြို့ရေပြန်ကျ၊ လယ်ပြန်စိုက်ဖို့ပြင်
Donate to DVB

မြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ လယ်မြေဧကပေါင်း ၈ ထောင်လောက် ပျက်စီးခဲ့ပြီး အခု ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် လယ်သမားတွေ စပါးပြန်လည်စိုက်ပျိုးဖို့ ပြင်ဆင်နေပါတယ်။

[caption id="attachment_29972" align="alignleft" width="300" caption="သာပေါင်းမြို့ ရေကြီးစဉ်"][/caption]

မြစ်ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ ရေစကြီးတဲ့ ဩဂုတ်လဆန်း ၄ ရက်နေ့ကနေ ရေပြန်ကျတဲ့ ဩဂုတ် ၂၁ ရက်နေ့ထိ ကာလအတွင်း လယ်ယာမြေဧကပေါင်း ၇၈၀၀ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သာပေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အတွင်းရေးမှူး ဦးကိုကိုဇင်က ပြောပါတယ်။

“ပုံမှန်ဖြစ်သွားပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်ပါပြီ။ တချို့ကျောင်းတွေက ရေနစ်မြုပ်ထားတဲ့အတွက် ပျက်စီးမှုလေးတွေ ရှိပါတယ်ဗျ။”

ဒီအတောအတွင်း ကျေးရွာ ၃၁၄ ရွာက အိမ်ခြေ ၁၉၁၂၆ အိမ် ရေနစ်မြုပ်ခံရသလို လူဦးရေ ၈၃၉၇၄  ရေဘေးကြုံရတယ်လို့ သူက ပြောပါတယ်။ သာပေါင်းမြို့ပေါ်မှာ  ဒူးလောက်ကနေ ခါးလောက်ထိနစ်မြုပ်ခဲ့ပြီး ကျေးရွာတွေဘက်မှာတော့ လက်တဖောင်ခန့် ၁၀ ပေ၀န်းကျင်အထိ နစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။

သာပေါင်းမြို့နယ်ဟာ ရေကျနောက်စိုက်လယ်တွေများပြီး မိုးဦးစိုက်စပါးဧက ပေါင်း ၁ သောင်းခန့်ပဲရှိရာက ဒီရေကြီးမှုမှာ ဧက ၇၈၀၀ လောက် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

လယ်သမားတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ရေပြန်ထမယ့် အခြေအနေကို စောင့်ကြည့်သုံးသပ်ပြီး စပါးပြန်လည်စိုက်ပျိုးဖို့ ပြင်ဆင်နေကြသလို တိုင်းဒေသကြီးအစိုးရကလည်း မျိုးစပါးကို အခမဲ့ ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးစရိတ် ချေးငွေကိုတော့ မြန်မာ့စိုက်ပျိုးရေးဘဏ်ထံက ထပ်မံရရှိနိုင်ဖို့ မမျှော်လင့်နိုင်တာကြောင့် လယ်သမားတွေ ဘယ်က ရှာကြံကြမယ် ဆိုတာ မသဲကွဲသေးပါဘူး။

ဧရာဝတီတိုင်းအတွင်းမှာ သာပေါင်းမြို့နယ်နဲ့ အနီးတ၀ိုက်က ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံပျော်မြို့နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာလည်း ရေကြီးနစ်မြုပ်တဲ့ဒဏ်ကို ခံစားကြရပါတယ်။ အဲဒီမြို့နယ်တွေဟာ မိုးဦးစိုက်စပါးများတဲ့ အမြင့်ပိုင်းကျတဲ့ ဒေသတွေဖြစ်တာကြောင့် စပါးခင်းတွေ ပိုမိုထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်အတွင်းမှာ လက်လုပ်လက်စားအများစု ရှိတာကြောင့် ရေကြီးမှုကာလအတွင်း အခြေခံ ရှာဖွေစားသောက်ရေးမှာ အခက်အခဲ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အစိုးရ၊ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေက လှူဒါန်းကူညီကြတယ်လို့ ပြောပါတယ်။

“ရေက တော်တော်လေး ကြီးနေတဲ့အခါ တချို့နေရာတွေမှာ စားသောက်ဖို့တောင် တော်တော်လေး အခက်အခဲ ဖြစ်နေပါတဲ့ အခါကျတော့ ကျနော်တို့  ပါတီအနေနဲ့ရော မြို့နယ် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရော၊ အလှူရှင်တွေရော ၀ိုင်းဝန်းပြီး ဆန်နဲ့ စားစရာသောက်စရာတွေကို ၀ယ်ပေးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း သူတို့နိုင်သလောက် ဆောင်ရွက်တာတွေ ရှိပါတယ်။ နောက်ပိုင်း အခြေအနေမှာတော့ ကျနော်တို့နဲ့ ပါတီချင်း ညှိနှိုင်းပြီးတော့ တချို့ဒေသလေးတွေမှာ ပူးပေါင်းဆောင်ရွက်တာလေးတွေ တွေ့ရပါတယ်။ ”

ရေကျပြီးတဲ့နောက် အခြေအနေ ပုံမှန်ပြန်ဖြစ်ရေးနဲ့ ပျက်စီးယိုယွင်းခဲ့တဲ့ စာသင်ကျောင်းတွေ ပြင်ဆင်ပြီး စာအမြန်သင်နိုင်အောင်  တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီး ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။

ဒီလဆန်းကစတင်ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် မြစ်ရေကြီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013