
ထိုင်းနိုင်ငံရဲ့လမ်းတွေမှာ တရက်ကို လူအယောက် ၅၀ လောက် သေဆုံးနေပြီး ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းတွေထဲမှာ ပါဝင်တယ်လို့ WHO ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ယာဉ်မောင်းတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြဖို့ ထိုင်းခရီးသည်တွေက တိုက်တွန်းခဲ့ပါတယ်။
မေ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားကို ရထားဝင်တိုက်မှုကြောင့် လူ ၈ ယောက် သေဆုံးခဲ့ပြီးနောက် ထိုင်းနိုင်ငံခရီးသည်တွေက အခုလို တိုက်တွန်းခဲ့တာပါ။
ရထားလမ်းကူးမှာ ကားနဲ့ ဆိုင်ကယ်တွေ ပိတ်နေချိန် ကုန်တင်ရထားက ဝင်တိုက်ခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးခဲ့ပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပို့ဆောင်ရေးဒုဝန်ကြီးက ပြောထားပါတယ်။
အဲဒီရထားလမ်းကူးမှာ ရထားဝန်ထမ်းတွေက ဖြတ်သန်းသူတွေရပ်ဖို့ အချက်ပြပေမဲ့ ဖြတ်ကူးလေ့ရှိတာကြောင့် ရထားတိုက်မှုဖြစ်မယ်လို့ အမြဲတမ်း စိုးရိမ်ခဲ့ရတဲ့အကြောင်း ခရီးသွားတွေက ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ခရီးသွားတယောက်က “ဒီလိုတိုက်မယ်လို့ ကျနော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရထားဝန်ထမ်းတွေက ဖြတ်သန်းတဲ့သူတွေကို ရပ်ဖို့ အချက်ပြတာတွေ ပေးပို့ထားပေမဲ့ သူတို့ကတော့ အမြဲလမ်းဖြတ်ကူးနေတာပါ။ ဒါ့ကြောင့် တနေ့နေ့မှာ အခုလို ဖြစ်မယ်လို့ ကျနော် ထင်တာပေါ့” လို့ ပြောပါတယ်။
ယာဉ်မောင်းသူတွေအားလုံး လမ်းစည်းကမ်း လိုက်နာဖို့ လိုအပ်တယ်လို့လည်း ခရီးသွားတွေက တိုက်တွန်းခဲ့ပါသေးတယ်။
အသက် ၂၀ အရွယ် ရထားစီးသူတယောက်က “ဒီလိုအဖြစ်အပျက်မျိုးတွေ မဖြစ်စေချင်ပါဘူး။ ယာဉ်မောင်းသူတွေအားလုံး လမ်းစည်းကမ်းကို နားလည်စေချင်ပါတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့လမ်းတွေဟာ ဘေးအန္တရာယ်ကင်းရှင်းရေး အားနည်းမှုတွေရှိတာကြောင့် ကမ္ဘာ့လူသေဆုံးမှု အများဆုံးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖော်ပြပါတယ်။
WHO အဖွဲ့ဝင် ၁၇၅ နိုင်ငံထဲမှာ ထိုင်းနိုင်ငံက ယာဉ်တိုက်မှုကြောင့် လူသေဆုံးသူ အဆင့် ၉ နေရာမှာ ရပ်တည်နေတာပါ။
၂၀၂၁ ခုနှစ် WHO ရဲ့ ခန့်မှန်းချက်အရ လမ်းပေါ်မှာ သေဆုံးသူ ၁၈,၂၁၈ ယောက်ရှိလို့ တနေ့ကို ပျမ်းမျှ လူ အယောက် ၅၀ သေဆုံးနေတယ်လို့ သိရပါတယ်။
သေဆုံးတဲ့ အသက်အရွယ်က ၁၅ နှစ်ကနေ ၂၉ နှစ်အထိရှိပြီး သေဆုံးသူ ၈၃ ဒသမ ၈ ရာခိုင်နှုန်းက ဆိုင်ကယ်စီးနင်းသူတွေ ဖြစ်ပါတယ်။
Source: Reuters










