DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် ကျပ် ၁၂ ဘီလီယံအထိရှိနေ
DVB
·
November 14, 2018
စစ်ကိုင်းတိုင်းတွင် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် ကျပ် ၁၂ ဘီလီယံအထိရှိနေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူတွေကို ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေထဲက ပြန်မဆပ်တဲ့ကြွေးကျန်ငွေ ၁၂ ဘီလီယံအထိ ရှိနေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကြွေးကျန်ပြန်ရရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက အစည်းဝေးတရပ် ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးမျိုးမြင့်ဦးက“၂၀၁၃ ခုနှစ် မိုးသီးနှံကနေ ၂၀၁၇ ခုနှစ် ဆောင်းသီးနှံအထိ စိုက်ပျိုးစရိတ် ချေးထားတဲ့ ငွေထဲက စုစုပေါင်း ၁၂ ဘီလီယံထိ ကျန်ရှိနေသေးတာပေါ့။ အဲဒါကို ဘယ်လိုပုံစံနဲ့ အမြန်ဆုံး ပြန်ရအောင် လုပ်ဆောင်မလဲဆိုတာ ညှိနှိုင်းအစည်းဝေး လုပ်တာပါ။ အများဆုံးကျန်တာကတော့ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ပေါ့။ အရေးယူထားတာတွေလည်းရှိနေပါတယ်။ နောက်ထပ်လည်း ကျန်နေတာကို စိစစ်သုံးသပ်ပြီး ၂၀၁၉ ခုနှစ် မတ်လအတွင်း ရအောင် လုပ်ဆောင်သွားမှာပါ။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပေါင်း ၃၂ ဘဏ် ရှိပြီး စိုက်ပျိုးစရိတ်ချေးငွေ ၁၂ ဘီလီယံ ကြွေးကျန်ကို ပြန်မဆပ်တာက တောင်သူ ၂၅၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

အများဆုံးကျန်ရှိနေတာက ထီးချိုင့်မြို့နယ်ဖြစ်ကာ ကျပ်သန်းပေါင်း ၄၀၀၀ကျော်နဲ့ အများဆုံးဖြစ်နေပြီး အနည်းဆုံးကျန်ရှိတာက ပုလဲမြို့နယ်ဖြစ်ပြီး ကျပ်သန်းပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ ကြွေးကျန်တွေနဲ့ပတ်သက်လို့ တဦးချင်းကြွေးကျန်စာရင် စိစစ်တာကို နိုဝင်ဘာလကုန်ထိ ပြုလုပ်သွားမှာဖြစ်ကာ ကြွေးကျန်တောင်သူတွေကို နှိုးဆော်စာထုတ်တာ ကိုတော့ ဒီဇင်ဘာလမှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိမှာတော့ ကျေးရွာတွေကို ကွင်းဆင်း ကောက်ခံသွားမှာဖြစ်သလို အလွဲသုံးစားလုပ်တာမှာ ပါဝင်သူအားလုံးကို ဥပဒေနဲ့အညီ အရေးယူ သွားမှာဖြစ်ပြီး မတ်လကုန်ထိ ကြွေးလာမဆပ်တဲ့ တောင်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်မိုးအတွက်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ငွေကျပ် ၂၀၃ ဘီယံထိ ထုတ်ချေးပေးထားပြီး ဆောင်းရာသီကတော့ ချေးနေဆဲဖြစ်လို့ မသိရသေးပါဘူး။တောင်သူတွေ စိုက်ပျိုးစရိတ်အဆင်ပြေအောင် နိုင်ငံတော်ကလည်း ဘက်ဂျက်အပေါ်မူတည်ပြီး နှုန်းထားတွေ တိုးပေးနေသလို အခုလို ပြန်မဆပ်တာတွေကြောင့်လည်း ငွေမလည်ပတ်နိုင်ဘူးလို့ ဆိုပါတယ်။ စိုက်ပျိုးစရိတ်ကြွေးကျန်တွေကိုတော့ အရင်းအပြင် အတိုးတွေပါ ကောက်ခံသွားမယ်လို့ သိရပါ တယ်။

တနိုင်ငံလုံးအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် ၂၀၃ ဘီလီယံအထိ ကျန်ရှိနေပြီး ဧရာဝတီတိုင်းက အများဆုံးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013