DVB Logo
Home
မြန်မာသတင်း
နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို သမ္မတရုံး ကြေညာမည်
DVB
·
August 29, 2012
နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို သမ္မတရုံး ကြေညာမည်
Donate to DVB

နာမည်ပျက်စာရင်း(Blacklist)ကနေ ပယ်ဖျက်လိုက်တဲ့ လူ ပုဂ္ဂိုလ် ၂ ထောင်ကျော် စာရင်းကို သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ အခုရက်ပိုင်းအတွင်း ဖော်ပြပေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဒီ နာမည်ပျက်စာရင်းကို  နိုင်ငံခြားသားနဲ့ နိုင်ငံသားဆိုပြီး ပယ်ဖျက်စာရင်း ၂ ခုခွဲပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

ပယ်ဖျက်စာရင်းဝင်သူတွေဟာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အရင်လို ကြန့်ကြာမှုမရှိဘဲ လျင်မြန်လွယ်ကူလာတော့မှာလည်း  ဖြစ်ပါတယ်။

အရင်က ပြည်တော်ပြန်လိုတဲ့ မြန်မာတွေ ဗီဇာ လျှောက်တဲ့အခါ သက်ဆိုင်ရာသံရုံးက နာမည်ပျက်စာရင်း ၀င် မ၀င် နေပြည်တော်ကို ပြန်လည်ပေးပို့ စိစစ်နေရလို့ အချိန်ကြန့်ကြာခဲ့ပါတယ်။

အခုတော့ သမ္မတရုံး ၀က်ဘ်ဆိုဒ်မှာ ၀င်ကြည့်လိုက်ပြီး အလျင်အမြန် ခွင့်ပြုပေးနိုင်တော့မယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“မျိုးစုံပဲ။ နိုင်ငံခြားသားတွေလည်း ရှိတယ်ဗျ။ ဟိုးအရင်တုန်းက နိုင်ငံခြားတော်သစ္စာဖောက်မှုနဲ့ ပြည်ပထွက်သွားတာတွေ ရှိတယ်။ နောက်ပြီး ၈၈ မှာ အပြင်ထွက်သွားတဲ့သူတွေ ရှိတယ်။ ဟိုဘက်မှာ နိုင်ငံရးခိုလှုံသွားတာ ရှိတယ်။ ဒီဘက်မှာ ပြစ်မှုတွေ ကျူးလွန်လို့ ပြည်ပကို ထွက်ပြေးသွားတဲ့သူတွေပေါ့။ အကြောင်းအမျိုးမျိုးပေါ့။ အဲဒါမျိုးတွေ ပြည်ပထွက်သွားပြီး ပြည်ဝင်ခွင့် ပြန်လုပ်ပေးတဲ့ blacklist စာရင်းရှိတယ်။ နောက်တခုက နိုင်ငံခြားသားတွေ အလည်အပတ် ဗီဇာနဲ့လာပြီးတော့ သတင်းထောက် လုပ်သွားတယ်။ သတင်းထောက်ဗီဇာနဲ့ လာပြီး တခြားဟာလုပ်သွားတယ် အဲဒီလိုဟာမျိုးတွေ မျိုးစုံပေါ့။”

အရင်က ဒီစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပြီး အခု နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်က  မြန်မာပြည်ပြန်ခဲ့တဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ အခုကိစ္စကို ကြိုဆိုလိုက်ပါတယ်။

“အရင်တုန်းကတော့ ဗီဇာလျှောက်တဲ့ကိစ္စတွေမှာ မရှင်းလင်းတာတွေရော ပြဿနာ တော်တော်ရှိတယ်လေ။ အခု Blacklist တွေ ပယ်ဖျက်လိုက်တယ်ဆိုတော့ ကောင်းပါတယ်။ ပိုရှင်းသွားတာပေါ့။ ပြန်လို့ရတယ် မရဘူးပေါ့။ နောက် ပြောတဲ့သတင်းအရဆိုရင်လည်း တချို့လူတွေလည်း Blacklist စာရင်းမှာ ကျန်နေသေးတယ်ဆိုတော့ ဒါတွေလည်း ဘယ်လိုလုပ်မလဲပေါ့ စသည်အားဖြင့်.၊ ဆက်မေးခွန်းထုတ်စရာတော့ရှိတာပေါ့။ နောက်တခု ကြားတာက မြန်မာနိုင်ငံသားတွေ တချိန်ကထွက်သွားတယ်၊ ပြန်လာတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့်ဆိုတာမျိုး ပေးမယ်လို့ စဉ်းစားနေတာမျိုးပြောတယ်။ အခြေအနေကတော့ ပြည်ပက မြန်မာနိုင်ငံသားတွေရဲ့ အားကို ပြန်ယူချင်တယ်ဆိုတဲ့ သဘောမျိုးရောက်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ လမ်းညွှန်ချက်အရ အမည်မည်းစာရင်းဝင် လူပုဂ္ဂိုလ် ၆ ထောင်ကျော်ကို ပြန်စိစစ်ပြီး ၂ ထောင်ကျော်ကို ပယ်ဖျက်လိုက်တဲ့အကြောင်း ဩဂုတ် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ခုလို အစိုးရက နာမည်ပျက် စာရင်းဝင် ၃ ပုံ ၁ ပုံလောက်ကို စာရင်းကနေ ပယ်ဖျက်လိုက်ချိန်ဟာ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင် ဟောင်းတချို့နဲ့   ပြည်ပရောက်အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ မြန်မာနိုင်ငံ သွားရောက်မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013