DVB Logo
Home
မြန်မာသတင်း
မျက်နှာဖုံးစွပ် ၅ ဦး ဖမ်းမိ၊ ခေါင်းဆောင် ၂ ဦး လွတ်မြောက်နေ
DVB
·
November 13, 2018
မျက်နှာဖုံးစွပ် ၅ ဦး ဖမ်းမိ၊ ခေါင်းဆောင် ၂ ဦး လွတ်မြောက်နေ
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်က အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီထဲ ဝင်ရောက်ပြီး မန်နေဂျာကို ဖမ်းဆီးသွားခဲ့တဲ့ မျက်နှာဖုံးစွပ်လူ ၅ ယောက် ဖမ်းမိထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ ဒဂုံအရှေ့မြို့နယ်က သူရနဲ့ စိုးကျော်ကျော်လွင်တို့ကို အမှုဖြစ်ပွားရာ ကုမ္ပဏီဝန်းထဲမှာပဲ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။

အလုံမြို့နယ် မင်းရဲကျော်စွာလမ်းပေါ်က အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီကို နိုဝင်ဘာ ၁၂ ရက် ည ၆ နာရီကျော်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတစုက လိုက်ထရပ်ကားနဲ့ ဝင်ရောက်လာပြီး မန်နေဂျာကို ဖမ်းဆီးခေါ်ဆောင်သွားသလို ဝန်ထမ်းနှစ်ယောက်ကို ကြိုးတုပ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဝင်ရောက်လာသူတွေဟာ မန်နေဂျာဦးမြင့်စိန် (ခ) ဖီးလစ်ကို သူ့ရဲ့လင်ခရူဆာကားနဲ့ ခေါ်ဆောင်သွားခဲ့ပြီး ကားနောက်လိုက်တဲ့ မိသားစုဝင်တွေကိုလည်း ဖုန်းကနေတဆင့် လိုက်မလာဖို့နဲ့ တိုင်ကြားတာမလုပ်ဖို့၊ မေးစရာရှိလို့ ခေါ်ဆောင်သွားတာလို့ ပြောကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ညအမှောင်ဝင်ကာစအချိန်ဖြစ်ပြီး ခြံတံခါးကို ကားနဲ့တိုက် ထွက်သွားတဲ့အသံကြောင့် သတိပြုမိတာလို့ ရပ်ကွက်နေပြည်တချို့က ပြောပါတယ်။

ကားထွက်သွားပြီး မကြာခင်မှာ ခြံဝန်းထဲက ဝန်ထမ်းတွေအပြင်ထွက်လာတာ၊ ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားတာတွေ့ရပြီး အထဲမှာရှိနေတဲ့ ကျူးလွန်သူ နှစ်ယောက်ကို ဖမ်းဆီးတာ တွေ့ရတယ်လို့ ရပ်ကွက်နေသူတချို့က ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူ စိုးကျော်ကျော်လွင်နဲ့ သူရ(ခ)စောသူရတို့ကို စစ်ဆေးရာမှာ စိုးကျော်ကျော်လွင်ဟာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်နေတုန်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၁၄ ရပ်ကွက်မှာနေတဲ့ မျိုးမြင့်အောင်(ခ)အရှည်ကြီးက လွှတ်လိုက်တဲ့ လှဝင်းနဲ့ တွေ့ပါတယ်။

လှဝင်းက ဒေါ်လာဈေးကစားသူ တယောက်ဆီက အကြွေးသွားတောင်းရာမှာ ဝန်းရံပေးဖို့ လူတယောက်ကို ၅ သိန်းစီပေးမယ်၊ ၁၂ ရက် ညနေ ၄ နာရီခွဲမှာ ဗဟိုအမျိုးသမီးဆေးရုံရှေ့ အရောက်လာဖို့ ချိန်းခဲ့ပါတယ်။

စိုးကျော်ကျော်လွင်က သူရ(ခ)စောသူရ၊ ကရင်(ခ)စောထူး၊ သန်လျင်မြို့နယ်နေ စောသန်းဦး(ခ)သန်းဦး၊ စွမ်းဆောင်ဦးကို ခေါ်လာပြီး လှဝင်းနဲ့ မျိုးမြင့်အောင်(ခ)အရှည်ကြီးတို့ အဖွဲ့က လိုက်ထရပ်အဖြူရောင်နဲ့ ရောက်လာလို့ တက်လိုက်လာခဲ့ပါတယ်။

အကြွေးတောင်းမယ့် ခြံဝန်းကိုရောက်တဲ့အခါ ရုံးခန်းထဲမှာ လူငယ် ၃ ယောက်တွေ့ရပြီး စီစီတီဗွီအထိုင်စက်နဲ့ ကင်မရာကို မျိုးမြင့်အောင်(ခ)အရှည်ကြီးတို့အဖွဲ့က ဖြုတ်ယူပြီး အမည်မသိ လူတယောက်ကိုလည်း ကားနဲ့ခေါ်သွားကြောင်း၊ သူနဲ့အတူ သူရ(ခ)စောသူရတို့က ကျန်ရစ်ခဲ့လို့ ဖမ်းခံရတာလို့ ပြောပါတယ်။

ဒါကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံတွေကို ပူးပေါင်းအဖွဲ့က လိုက်လံ ဖမ်းဆီးရာမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ဇော်ထူး(ခ) ကရင်၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းရွာနေ စောသန်းဦး (ခ)သန်းဦးတို့ကို စိုးကျော်ကျော်လွင်ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိပြီး သုံးဆယ်မြို့နယ်၊ ပေစင်ကုန်းရပ်ကွက်နေ ထွန်းထွန်းကိုတော့ တိုက်ကြီးမြို့ အဝင်တိုးဂိတ်မှာ ဖမ်းမိခဲ့ပါတယ်။

ကျူးလွန်ရာမှာ ပါဝင်သူတွေကို ဓားပြမှုပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပြီး လွတ်မြောက်နေတဲ့ ဦးဆောင်သူ နှစ်ယောက်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013