DVB Logo
Home
Lead Story
စကားပြောသောသစ်ပင်များ
DVB
·
November 13, 2018
စကားပြောသောသစ်ပင်များ
Donate to DVB

ချင်းတောင်တန်းရဲ့ မနက်ခင်းတွေက မိုးအကုန် ဆောင်းကိုရောက်ပေမယ့် တချိန်ကလို ဆောင်းအဖြစ် ပီပီပြင်ပြင် သိပ်မရှိလှ။ နေရာတော်တော်များများမှာ တောင်တန်းကြီးတွေက တတောင်ပေါ် တတောင်ဆင့်ရင်း တိမ်စိုင်တိမ်ခဲတွေက ရှုမငြီးချင်စရာပါ။ ချင်းတောင်ခရီးက မိတ်ဆွေများနဲ့ သွားနေကြ ဆိုပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား တယောက်တည်း ဆိုင်ကယ်တစီးနဲ့ လာခဲ့မိတယ်။ ဆိုင်ကယ်ကို ဖြည်းဖြည်းနဲ့ မှန်မှန်မောင်းလာရင်း ဆိုင်ကယ်ဦးထုပ်ရဲ့ မှန်ကာကိုဖွင့်ပြီး လက်မှာပတ်ထားတဲ့ နာရီကို ငုံ့အကြည့် လေနုအေးတို့ရဲ့ အထိအတွေ့က မျက်နှာကို လာရိုက်ခတ်ကြလေတယ်။ လေက အေးနေပေမယ့် တချိန်တုန်းကလို နူးညံ့မှုတွေ လတ်ဆတ်မှုတွေ ပျောက်ဆုံးနေသလို ခံစားလိုက်မိတယ်။ ကိုယ်သွားမယ့်ခရီးကား တဝက်မျှပင် မရောက်ရှိသေး။

တောတောင်အလှတွေ ရှုငေးရင်း လမ်းမကြီးရဲ့ ပြင်ကျယ်ကျယ်တနေရာမှာ ဆိုင်ကယ်လေးရပ်ပြီး ခဏနားလိုက်မိတယ်။ ဓာတ်ဘူးသေးသေးလေးထဲ ထည့်လာတဲ့ ကော်ဖီပူပူလေး မှုတ်သောက်ရင်း အတွေးစတို့နဲ့ ဟိုဟိုဒီဒီ လွင့်မြောနေမိတယ်။ အထီးကျန်သလို ခံစားမိရင်း သစ်ပင်တွေသာ စကားပြောတတ်ရင် ငါ့ကို ဘာပြောကြမလဲ။ သစ်ပင်တွေက ငါ့ကို အဖက်လုပ်ပြီး စကားပြောပါ့မလား။ သစ်ပင်တွေနဲ့ စကားပြောကြည့်ဖို့ စိတ်ကူးရလာခဲ့မိတယ်။ ဒါပေမယ့် အနားမှာ စကားပြောဖော် သစ်ပင်က မရှိ။ ရာသီဥတုတွေ ပြောင်းလဲသွားသလို တောတွေတောင်တွေ ပြောင်းလဲ၊ ချင်းတောင်ရဲ့ အမှတ်တံဆိပ် တခုဖြစ်တဲ့ ထင်းရှူးတောတန်းတွေ ပျောက်ဆုံးနေတာကိုလည်း ခုမှ သတိထားလိုက်မိတယ်။

"ငါတို့ကိုကယ်မယ့်သူ မရှိတော့ဘူးလား။ ဒီလူတွေကြောင့် ဒုက္ခရောက်ရတော့မယ်။ ဒီလူတွေ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်လှလှလေးအောက်မှာ ငါတို့ကို သတ်သတ်နေကြတယ်။ ငါတို့မရှိဘဲ အသက်ဆက်ရှင်လို့ရမယ် ထင်နေသလားမသိဘူး။ သူတို့ရွတ်ရွတ်နေတဲ့ ရေမြေလေမရှိဘဲ အသက်ဆက်ရှင်လို့ မရသလို ငါတို့မရှိဘဲနဲ့လည်း သူတို့ အသက်ဆက်ရှင်လို့မရဘူး။ ငါတို့သစ်ပင်တွေက လူတွေအတွက် အဖော်မွန်ပါ။ နွေ မိုး ဆောင်း ဥတုသုံးပါးကို ကာကွယ်ပေးထားတယ်။ ဒါပေမယ့် လူတွေက ငါတို့ကို ညှဉ်းပန်းနေကြဆဲ။ သတ်ဖြတ်နေကြဆဲ။ လိုရာသုံးနေကြဆဲပါ။ ဘယ်တော့များမှ အသိရကြမလဲ။ ငါတို့ ဒုက္ခရောက်ရင် သူတို့ဒုက္ခက ပိုကြီးမယ်။ ဒါကြောင့် ငါတို့က ခွင့်လွှတ်ပေမယ့် ဒဏ်ခတ်မယ့်သူက အနီးဆုံးကို ရောက်လို့လာနေပြီ ဆိုတာကို သူတို့တွေ သိပါလေစတဲ့။"

လမ်းမထက်မှာ လူသူရှင်းနေတာကြောင့် ဒီအသံဟာ တောအုပ်တွေဆီကနေ လာတယ်ဆိုတာကို သဲသဲကွဲကွဲ ကြားလိုက်မိတဲ့ အသံပါ။ ဒဏ်ခတ်မယ့်သူက အနီးဆုံးရောက်လို့ လာနေပြီ ဆိုပါလား။

ပီပီပြင်ပြင် ကြားလိုက်မိတယ်။ သူတို့တွေ စိတ်တိုနေကြလေရဲ့။ တချို့တွေကလည်း တိုးညင်းတဲ့အသံလေးတွေနဲ့။

"ကိုယ့်လူရေ မင်းကတော့ ဘယ်လိုနေမယ် မသိဘူးကွာ။ ငါကတော့ သက်တမ်းစေ့အောင် နေရပါ့မလားမသိဘူး။ ငါတို့မျိုးဆက်တွေက ကုန်သလောက်ကို ဖြစ်နေပြီ။ ခုဆိုရင် ဒီလူတွေ ငါတို့ကို အနိုင်နဲ့ပိုင်းလာလိုက်တာ နောင်တချိန် ငါတို့မျိုးဆက်တွေပါ ဆိုတာကို ပြတိုက်ထဲ ထည့်ပြကြမယ်ဆိုတဲ့အထိ ရက်စက်နေကြတယ်" ဆိုပြီး မပွင့်တပွင့်အသံများနဲ့ စကားကို တိုးတိုးလေး ပြောနေကြသံကို ကြားမိတယ်။

အချိန်ရလာသည်နဲ့အမျှ တောင်တန်းတွေရဲ့ကြားထဲ နေရောင်ပြပြလေး တိုးဝင်လာတာကို တွေ့ရတယ်။ လမ်းမအထက်မှာလည်း သွားလာနေကြ ဖြစ်ဟန်တူတဲ့ ဆိုင်ကယ်တွေ ကားတွေကိုလည်း တွေ့မြင်လာရတယ်။ လိုရာခရီးကိုရောက်ဖို့ ဆိုင်ကယ်ကို ပြန်မောင်းရင်း တောင်တန်းတွေကို တက်လိုက် ဆင်းလိုက် ကွေ့လိုက်ဖြင့် မောင်းနှင်လာခဲ့ရာ “ပွမ်…..ပွမ်….တီ….တီ" ဟူသည့် ဟွန်းသံရှည်ကြီးကြောင့် ဆိုင်ကယ်ကို လမ်းဘေးချပေးလိုက်တယ်။

သစ်တွေကို အလုံးလိုက် တင်လာသော ကားပေါ်မှ စပယ်ယာဖြစ်ဟန်တူသည့် လူဆီမှ "ဆိုင်ကယ်ကို ဘယ်လိုမောင်းနေတာလဲ၊ ကားလာတာ မမြင်ဘူးလား" ဆိုသည့် အပြစ်တင် ပြောသွားသံကိုလည်း ကြားလိုက်မိသည်။ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းရင်း ချင်းပြည်နယ်မြို့တော်ကို ရောက်လာခဲ့ပေပြီ။

မြို့ရဲ့ ဖွံ့ဖြိုးမှုတွေကြား ဆိုင်ကယ်သံ ကားသံများဖြင့် ဆူညံနေသည်။ မြို့ရဲ့ တခုတည်းသော အထင်ကရ ဈေးကြီးကလည်း စည်ကားလှသည်။ အနံ့အသက်များကလည်း စုံသည်။ တချို့အညှီနံ့ တချို့ ပုတ်အဲ့အဲ့အနံ့ စသည်စသည်ဖြင့် အနံ့ပေါင်းစုံ။ မြန်မာနိုင်ငံဈေးတွေရဲ့ အနံ့အတိုင်းပါပဲ။ ဈေးရဲ့ တချို့နေရာတွေမှာ ဆိုင်းဘုတ်လေးတွေထောင်ပြီး အမှိုက်မပစ်ရဆိုပေမယ့် ဆိုင်းဘုတ်က အမှိုက်ပုံအတွင်းမှာပါ။ တွေ့မြင်နေကျဆိုပေမယ့် ရင်ထဲမှာတော့ ဘဝင်မကျလှပါဘူး။ ဒီလိုနဲ့ ဟိုဟိုဒီဒီ ငေးကြည့်ရင်း သိပ်မကြာလိုက်ချိန်မှာပဲ ဆူဆူညံညံနဲ့ လူတအုပ်ရောက်လာတယ်။ ဈေးထဲကို ဝက်ဝံတကောင် ဝင်လာလို့တဲ့။ ဝက်ဝံကတော့ လွတ်မယ်မထင်တော့ပါဘူး။ ကြည့်ရင်းနဲ့ကို ဝက်ဝံကတော့ ကံဆိုးသွားရှာပြီ။ ဘေးနားက အမျိုးသမီးတဦးက ဝက်ဝံကလည်း ဘာလို့ ဈေးထဲဝင်လာသလဲ၊ ကိုယ့်နေရာနဲ့ကို တောထဲနေတာ မဟုတ်ဘူး။ ဈေးထဲဝင်လာတော့ မောင်ဂေဟတို့အဖွဲ့လက်ချက် မိသွားတာပေါ့။ ဂေဟတို့အဖွဲ့ဆိုပါလား။ နာမည်ကတော့ အဆန်းပါ။

အမျိုးသမီးကြီးကတော့ ဝက်ဝံကို ကရုဏာဒေါသဖြင့် ဈေးထဲဝင်လာရသလားဆိုပြီး သနားစိတ်နဲ့ အပြစ်တင်နေရှာတယ်။ ဈေးထဲရောက်အောင် ဝက်ဝံကို ဘယ်သူတွေ မောင်းပို့လိုက်တာလဲ။ ဝက်ဝံဆိုတဲ့ အမျိုးကရော မကြောက်မရွံ့ ဈေးထဲကို ဘယ်လိုရောက်လာပါသလဲ။

တကယ်တော့ ဝက်ဝံက တောထဲနေချင်ရှာမှာပါ။ သူ့မှာ နေစရာ တောကရော ဘယ်မှာလဲ။ သစ်ပင်တွေခုတ်လွန်းလို့ ဝက်ဝံခမျာ နေစရာတောမှ မရှိတော့တာ …..။         ။

သျှင်နေမင်း (ဂန့်ဂေါ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013