DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမ  ၁ ဦး မုဒိမ်းကျင့် အသတ်ခံရ
DVB
·
November 13, 2018
ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမ  ၁ ဦး မုဒိမ်းကျင့် အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်လိမ်းမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမ တဦး မုဒိမ်းကျင့် အသတ်ခံခဲ့ရပါတယ်။

ရှမ်းပြည်နယ်၊ မိုင်းပန်ကနေထိုင်းမှာ အလုပ်လာလုပ်တဲ့ အသက် ၃၄ နှစ်ရွယ် အမျိုးသမီး တဦးဟာ မနေ့မနက်က မယ့်လဲမ်းရပ်ကွက်ရှိ သူမနေထိုင်ရာ အလုပ်သမားတန်းလျားနောက်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။

သူမဟာ မနေ့မနက်စောစောက ထမင်းဟင်းထချက်ပြီးနောက် ပျောက်ဆုံးနေကြောင်း၊ အလုပ်ဆင်းချိန်ရောက်လို့ သူမကိုမတွေ့တာနဲ့ လိုက်ရှာတော့ အိမ်နောက်ဘက် ကားဂိုဒေါင်ထဲက ကားအဟောင်းတစီးထဲမှာ သေဆုံးနေတာတွေ့လို့ မိသားစုဝင်တွေက ရဲစခန်းကို အကြောင်းကြားခဲ့ ပါတယ်။

ရဲတွေက မှုခင်းဆရာဝန်တွေနဲ့အတူ လာရောက်စစ်ဆေးရာမှာ သေဆုံးသူဟာ အတွင်းခံ အင်္ကျီပြုတ်နေပြီး ခန္ဓာအောက်ပိုင်းမှာ ဗလာဖြစ်နေကြောင်း၊ သူမရဲ့ အမျိုးသမီးအင်္ဂါတ၀ိုက်မှာ မုဒိမ်းကျင့်ခံထားရတဲ့ပုံစံတွေ့ရကြောင်း၊ လည်ပင်းမှာတော့ တစုံတရာနဲ့ ရစ်ပတ်ခံထားရတဲ့ ဒဏ်ရာတွေ့ရလို့  သူဟာ လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးကာ လွန်ခဲ့တဲ့ ၂ နာရီလောက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ မယ့်လိမ်းမြို့နယ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

အိမ်သားတွေထွက်ဆိုချက်အရ သူမဟာ လွန်ခဲ့တဲ့ ၂ လကျော်က ခင်ပွန်းဖြစ်သူ စိုင်းယ (အသက် ၃၈ နှစ်)နဲ့ ပြတ်စဲထားပေမယ့် ခင်ပွန်းက ဒီလ ၈ ရက်နေ့က သူမထံပြန်လာပြီး ဆိုင်ကယ်ကို မီးရှို့သွားလို့ ရဲစခန်းမှာ အမှုဖွင့်ထားဖူးပါတယ်။ ဒါကြောင့် ဒီအမှုမှာ ရဲစခန်းက စိုင်းယကို လူသတ်မှုမှာ သံသယအရှိဆုံးသူအဖြစ် ပစ်မှတ်ထားပြီး လိုအပ်သလို စစ်ဆေးအရေးယူဖို့ အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဆုံးသူအတွက် လိုအပ်တဲ့အကူအညီပေးဖို့ အခင်းဖြစ်ရာကို ရောက်သွားတဲ့ ချင်းမိုင် ၀ပ်ပါပေါက်နာရေးကူညီမှုအသင်းမှ စိုင်းတိုင်းထိန်က “သူ့ယောက်ျားက မူးယစ်ဆေးစွဲလို့ သူတို့ကွဲကြတယ်ပေါ့။ အရင်ပတ်က သူ့မိန်းမဆီ ပြန်လာတယ်။ မိန်းမက တံခါးမဖွင့်ပေးတော့ စိတ်ဆိုးပြီး သူ့မိန်းမဆိုင်ကယ်ကို မီးနဲ့ရှို့သွားတာ။ ရဲစခန်းမှာ အဲဒီအမှုရှိတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလည်း သူတို့အိမ်နားတ၀ိုက်မှာ ယောင်လည်လည် လာလုပ်နေတယ်၊  သူစားပြီး ပစ်ထားခဲ့တဲ့ ထမင်းထုတ်တွေလည်းတွေ့တယ်။ သူ့ခြေရာလက်ရာတွေလည်း တွေ့တော့ တအိမ်သားလုံးက သူသတ်တယ်လို့ပဲ ပြောတယ်ဗျ။”

မုဒိမ်းကျင့်/လူသတ်မှု သံသယရှိသူ စိုင်းကောယ ခေါ် စိုင်းယဟာ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် ယန်းလွိုင်ကျေးရွာကဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားကတ် ကိုင်ဆောင်ကာ တရားဝင် အလုပ်လုပ်နေသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013