
ရန်ကုန်မြို့အ၀င်လမ်းတွေဟာ မြို့အင်္ဂါရပ်နဲ့မကိုက်ညီဘဲ မြို့ကိုဝင်လိုက်ရင် အမှောင်ထုထဲ တိုးဝင်လိုက်ရသလို ခံစားရတယ်လို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက် ပြည်သူ့လွှတ်တော်မှာ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ရန်ကုန်မြို့အဝင်လမ်းမကြီးတွေကို လမ်းအဆင့်မြှင့်တင်ဖို့၊ လမ်းမီးတွေထွန်းဖို့၊ မြေယာရှုခင်း (Landscape) တွေ ပြုလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးရင်း ပြောခဲ့တာ ဖြစ်ပါတယ်။
“အမှတ် ၁ လမ်းမကြီး တချို့နေရာများမှာ လမ်းမီးများရှိပြီးတော့ တချို့နေရာများမှာ လမ်းမီးများ မရှိပါဘူး၊ ရှိတဲ့နေရာမှာလည်း လမ်းတဘက်ပဲ ရှိပါတယ်၊ လမ်းမကျယ်ကြီးတွေဖြစ်တဲ့အတွက် လုံလောက်မှု မရှိပါဘူး။ အမှတ် ၃ လမ်းဆိုရင်လည်း ရန်ကုန်၊ မန္တလေး နဲ့ အမှတ် ၃ လမ်းဆုံကနေပြီးတော့ ခရေပင်လမ်းအထိ လမ်းမီးမရှိပါဘူး။ အမှတ် ၂ လမ်း အမှတ် ၄ လမ်းမကြီး၊ အမှတ် ၅ လမ်းမကြီးမှာလည်း လမ်းမီးများ မရှိသလောက် ဖြစ်ပါတယ်”
မြို့အ၀င်လမ်း အဆင့်အတန်းလည်း နိမ့်ကျနေပြီး နိုင်ငံတကာမြို့အ၀င်လမ်းတွေနဲ့ နယ်မြို့အ၀င်လမ်းတွေမှာ သစ်ပင်ပန်းမန်ရှုခင်းတွေနဲ့ သာယာလှပအောင် ဆောင်ရွက်ထား တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ အ၀င်လမ်းတွေမှာ ကျုးကျော်တဲတွေ၊ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်ထားတဲ့ ဈေးဆိုင်တန်းတွေ အမှိုက်ပုံတွေနဲ့ ဖြစ်ချင်သလိုဖြစ်နေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြဆွေးနွေးပါတယ်။
ရန်ကုန်တိုင်း အစိုးရကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကျော်လင်းက မြို့အ၀င် အမှတ် ၁ ပြည်လမ်း၊အမှတ် ၂ ရွာသာကြီးအ၀င်လမ်း၊ အမှတ် ၃ မင်္ဂလာဒုံအ၀င်လမ်း၊ အမှတ် ၄ မှော်ဘီမှတဆင့် ရွှေပြည်သာအ၀င်လမ်း၊ အမှတ် ၅ ပုသိမ်လမ်းနဲ့ အမှတ် ၆ သန်လျင်မြို့အ၀င်လမ်းတွေကို အဆင့်မြှင့်တင် ပြင်ဆင်နေတယ်လို့ လွှတ်တော်ထဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။
နောင် ဘဏ္ဍာနှစ်များမှာလည်း နှစ်အလိုက် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး တိုးချဲ့ပြင်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။
“အမှတ် ၁ မြို့အ၀င်လမ်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါတယ်။ အမှတ် ၂ လမ်းမကြီးနဲ့ အမှတ် ၃ လမ်းမကြီးတို့မှာ မက်စ် ကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိပြီး လေးလမ်းသွား ကတ္တရာ လမ်းမကြီးအဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ အမှတ် ၄ လမ်းမကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ကွန်ကရစ်လေးလမ်းသွားအဖြစ် တိုးချဲ့ဆောင်ရွက်ရန် ၂၀၁၈-၁၉ ဘဏာရေးနှစ်အတွင်းမှာ အပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ရန်ကုန်မြို့အ၀င် အမှတ် ၅ လမ်းမကြီးကို ၆ လမ်းသွား ကွန်ကရစ်လမ်းအဖြစ်နဲ့ အမှတ် ၆ လမ်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က အသီးသီးတာဝန်ယူ တိုးချဲ့ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့အ၀င်လမ်းတွေမှာ ယာဉ်အသွားအလားများပြီး ယာဉ်မတော်တဆ ဖြစ်မှုတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။











