ကျောက်မျက်ပြပွဲတွင် ကျပ်သိန်း ၁၅၀၀ နှင့် ၂၅၀၀ တန် ပတ္တမြားရိုင်း ၂ ပွင့် ပါဝင်

နေပြည်တော်မှာ ပြုလုပ်တဲ့ ကျောက်မျက်ပွဲမှာ ကျပ်သိန်း ၁၅၀၀ နဲ့ ၂၅၀၀ ရှိတဲ့ ပတ္တမြားရိုင်း ၂ ပွင့် တင်ပြရောင်းချနေပါတယ်။
မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်မှာရှိတဲ့ မဏိရတနာ ကျောက်စိမ်းခန်းမမှာ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။
“ကျနော်တို့ ပြပွဲမှာ ရောင်းချတဲ့ စနစ်ကတော့ တင်ဒါစနစ်နဲ့ ရောင်းချပါ့မယ်။ တင်ဒါဈေးပြိုင်စနစ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ကျောက်မျက်တစ်တွဲရဲ့ အခြေခံကြမ်းခင်းဈေးက ကျပ်ငွေ သုံးသိန်းကနေပြီးတော့ အပေါ်ကို တင်လို့ရပါတယ်။ သုံးသိန်းအောက်ကိုတော့ တင်ပြရောင်းချလို့ မရပါဘူး။ သုံးသိန်းတော့ အတွဲဖွဲ့ပြီးတော့ တင်ပြရမှာပါ” လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေး မန်နေဂျာ ဦးအောင်မြင့်က ပြောပါတယ်။
အခု ကျင်းပပြုလုပ်တဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲဟာ ၅ ကြိမ်မြောက် ရောင်းချပွဲဖြစ်ပြီး ပြပွဲမှာတော့ ကျောက်မျက်အရိုင်းအတွဲ ၉၆ တွဲတင်ပြထားပြီး ကျောက်စိမ်းအသားကျောက် ၃၃၃၉ တွဲ တင်ပြထားတယ်လို့ သိရပါတယ်။
“ကျောက်မျက်တွဲတွေရဲ့ အခြေခံ ဈေးတွေက တတွဲကို ၃ သိန်းကျပ်အထက် ရောင်းချဖို့ သတ်မှတ်ထားပြီး ကျောက်စိမ်းအရိုင်းအတွဲတွေကတော့ တတွဲကို ၁၀ သိန်းနဲ့အထက် ရောင်းချဖို့ စီစဉ်ထားပါတယ်။ ကျောက်စိမ်းအရိုင်းအတွဲတွေထဲမှာ သိန်း ၁၀၀၀ နဲ့ တင်ပြထားတဲ့ အတွဲတွေလည်း ပါပါတယ်” လို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး အထွေထွေမန်နေဂျာ ဦးမင်းသူက ပြောပါတယ်။
ကျောက်မျက်အတွဲတွေ ကြည့်ရှုစစ်ဆေးမှုတွေကိုတော့ ၁၂ ရက်က ၁၃ ရက်နေ့အထိ ကြည့်ရှုနိုင်မှာဖြစ်ပြီး ၁၄ ရက်နေ့မှာတော့ တင်ဒါစနစ်နဲ့ ရောင်းချသွားမှာပါ။
ဒါအပြင် ၁၂၊ ၁၃၊ ၁၄ ရက်နေ့တွေမှာတော့ ကျောက်စိမ်းအတွဲတွေကို လေ့လာကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပြီး ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ တင်ဒါစနစ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
အောင်ကိုကိုလတ် (နေပြည်တော်)











