လူမင်း၊ မြင့်မြတ်၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သည့်ကြတ်ဂူရုပ်ရှင်(နမူနာ)
DVB
·
November 12, 2018

နာမည်ကြီး ၀ါရင့် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့လူမင်း၊ မြင့်မြတ်၊ ထွန်းအိန္ဒြာဗိုနဲ့ အိန္ဒြာကျော်ဇင်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ကြတ်ဂူရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလ ၁၆ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကတော့ ဒဏ္ဍာရီထဲက နာနာဘာဝဇာတ်လမ်းတွေ နှစ်သက်တဲ့ ပရိ သတ်တွေအကြိုက်တွေ့စေမှာ ဖြစ်ပြီး မင်းမင်းလှိုင်ရဲ့ ဇာတ်လမ်းကို မြင့်ဦးဦးမြင့်က ဇာတ်ညွှန်းခွဲထားပေးခဲ့တာပါ။
ဒီကားကိုတော့ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး သရုပ်ဆောင်မင်းသား လူမင်းက ကိုယ်တိုင်ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးပေးထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ကနေ ရှားတောမြို့အသွားလမ်းမှာ ရှိတဲ့ ထူးခြား ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ ကြတ်ဂူအကြောင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ပါးစပ်ရာဇ၀င်တွေ အများကြီးနဲ့ ကြတ်ဂူရဲ့ ထူးခြားချက်ကတော့ ပေထောင်ချီ ရှည်လျားတဲ့ ဂူအတွင်းပိုင်းမှာ ကျွန်းသစ်တွေနဲ့ ပြုလုပ်ထားတဲ့ ၈ ပေကနေ ၁၂ ပေအထိ ရှိတဲ့ ခေါင်းတလားတွေ၊ အရိုးစုတွေ ရှိနေတာပါ။ ဒါကြောင့်မို့ တချို့ကလည်း ဂူထဲမှာ ကြတ် တစ္ဆေတွေ နေထိုင်ကြတယ်လို့ အယူရှိကြပြီး ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ ဓလေ့ စရိုက်တွေနဲ့ ဒီကားထဲမှာ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင် ရှုစားကြတော့မှာပါ။
ထူးခြားဆန်းပြားမှုတွေနဲ့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာ နက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၁ သန်းကျော်ထိ ရှိနေခဲ့တာဖြစ်ပါတယ်။