DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန်လက်ထက်တွင် အမျိုးသမီးများကို ၀န်ကြီးနေရာ ခန့်အပ်
DVB
·
August 28, 2012
သမ္မတဦးသိန်းစိန်လက်ထက်တွင် အမျိုးသမီးများကို ၀န်ကြီးနေရာ ခန့်အပ်
1 / 3
Donate to DVB

သြဂုတ် ၂၇ ရက်နေ့က လုပ်ဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၀န်ကြီးအပြောင်းအလဲ ခန့်အပ်စာရင်းမှာ ဒုဝန်ကြီးနေရာ ၄ နေရာအတွက် အမျိုးသမီးတွေကို ခန့်အပ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ်  သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ဒု-၀န်ကြီးများပြောင်းလဲခန့်အပ်ခြင်း အမည်စာရင်းမှာ အမျိုးသမီး ၄ ဦးပါဝင်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့မှာ အမျိုးသမီးတွေကို တာဝန်ပေးအပ်မှုဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အရေအတွက် အများဆုံးပေးအပ်မှု ဖြစ်ပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှာ ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနမှာ  ဒေါက်တာဒေါ်သက်သက်ဇင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှာ  ဒေါက်တာဒေါ်စုစုလှိုင်၊ ကျန်းမာရေးဝန်ကြီးဌာနမှာ ဒေါက်တာ သိန်းသိန်းဌေးတို့က အသီးသီး ဒု-၀န်ကြီးရာထူးရခဲ့တာပါ။

အရင်ကလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-၀န်ကြီးဒေါ်စန္ဒာခင်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါ်မြတ်အုံးခင်တို့ ရှိထားပြီးဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ဒုတိယ၀န်ကြီး အဆင့် အမျိုးသမီးက ၆ နေရာ ရရှိပြီဖြစ်ပါတယ်။

အခုလို အမျိုးသမီး ၀န်ကြီးတွေ ရွေးချယ်ခန့်ထားတာ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ကျနော်တို့က ခွဲခြားဆက်ဆံမှု မရှိဘူး။ ဖွံ့ဖြိုးတိုးတက်ခါစမှာ အမျိုးသမီး ဒုဝန်ကြီးတွေ ဦးစားပေး ရွေးတာလည်း ပါပါတယ်။ အမျိုးသမီးတွေထဲက သင့်တော်တဲ့သူကို ရွေးပြီး ခန့်တာပေါ့။ သူတို့က အန်ဂျီအိုတွေနဲ့အတူ လှုပ်ရှားနေတော့ သဘာဝ ပတ်ဝန်းကျင်တို့ဘာတို့မှာ လုပ်နိုင်မယ်ထင်လို့ ခန့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

လွတ်မြောက်နယ်မြေက မြန်မာအမျိုးသမီးသမဂ္ဂရဲ့ ဦးဆောင် ကော်မတီဝင် တဦးဖြစ်သူ မမိဆူးပွင့်က “ဒုဝန်ကြီးနေရာတွေမှာ အမျိုးသမီးတွေကို နေရာပေးတာ ၀မ်းသာစရာပါ။ ဒါပေမယ့် တဖက်မှာ မေးခွန်းထုတ်စရာက ကျမတို့ မြန်မာနိုင်ငံမှာ ၀န်ကြီးအဆင့်ထဲမှာ လုပ်ဆောင်နိုင်မယ့် အမျိုးသမီးတွေ အခုချိန်ထိ မရှိသေးဘူးလား။ နောက်တခုက အစိုးရက အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာကို ပြချင်တဲ့အတွက်  အမျိုးသမီးတွေ ပါဝင်မှုကို ထည့်ပေးလိုက်တာက သူတို့အတွက် အန္တရာယ်မရှိဘူးလို့ ထင်လို့ လုပ်ပေးလိုက်တာလို့လည်း ထင်တယ်။ ဘာပဲပြောပြော ကျမတို့နိုင်ငံက စစ်အာဏာရှင် တောက်လျှောက်ခိုင်မာလာတဲ့ အနေအထားကနေ အခုလို အမျိုးသမီးတွေကို အစိုးရအဖွဲ့အတွင်းမှာ လက်ခံနေပြီ၊ ပါဝင်လို့ရပြီဆိုတဲ့ အခွင့်အလမ်းလေး တခု ရလာတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ စတဲ့ အစိုးရတွေ ခေတ်အဆက်ဆက်ပြောင်းလဲအုပ်ချုပ်ခဲ့ရာမှာ အမျိုးသမီးတွေကို အဆင်မြင့်အုပ်ချုပ်ရေး ရာထူးတွေမှာ  နေရာပေးတာ မရှိသလောက် နည်းပါးခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် တယောက်ပဲ ဖဆပလခေတ်က လူမှုဖူလှုံရေးဥက္ကဋ္ဌနဲ့ မဆလခေတ်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်ခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးသမားဟောင်းတဦးက   ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013