DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူအထူးစီးပွားရေးဇုန် ပွင့်လင်းမြင်သာစွာ ချပြမှုမရှိဟု ရခိုင်အမျိုးသားပါတီပြော
DVB
·
November 11, 2018
ကျောက်ဖြူအထူးစီးပွားရေးဇုန် ပွင့်လင်းမြင်သာစွာ ချပြမှုမရှိဟု ရခိုင်အမျိုးသားပါတီပြော
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြတာ မရှိဘူးလို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွါးရေးဇုန်နဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၀ ရက်နေ့က ကျောက်ဖြူမြို့ရှိ ရခိုင်အမျိုးသားပါတီရုံးမှာ ပြုလုပ်တဲ့ ရခိုင်အမျိုးသားပါတီနဲ့ ကျောက်ဖြူဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ(ကျောက်ဖြူဥက္ကဋ္ဌ) ဦးရန်မျိုးအောင်က “ဒီမူဘောင်သဘောတူညီချက်သည် ဘယ်အချက်တွေပါတယ်၊ ဘာတွေ သဘောတူညီကြတယ်၊ ဘယ်လိုမျိုး အကျိုးခံစားခွင့်ရှိမယ်၊ ဘယ်လို အခက်အခဲတွေရှိမယ်၊ ဘယ်လိုထိခိုက်နစ်နာမှုတွေ ရှိမယ်ဆိုတာကို ကျနော်တို့ ပါတီအနေနဲ့ ဘာမှသိခွင့်မရခဲ့ပါဘူး၊ ဒီကျောက်ဖြူ SEZ အပေါ်မှာရော၊ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ်မှာရော တိတိကျကျ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ သိရှိခွင့်မရတဲ့အပေါ်မှာ ရခိုင်အမျိုးသားပါတီအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” လို့ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းလိုမျိုး ပြည်သူတွေ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို (CEC) အဖွဲ့ဝင် ဦးသန်းနိုင်မြင့်က ပြောပါတယ်။

“ဒီ CITI ကုမ္ပဏီအနေနဲ့ ရေနက်ဆိပ်ကမ်းကို တင်ဒါအောင်သွားပါတယ်။ သူဟာ တရုတ်ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီဘက်က ဂက်စ်ပိုက်လိုင်းနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်သွားတဲ့အခြေအနေမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိတယ်။ ပြည်သူတွေ နစ်နာဆုံးရှုံးသွားတာတွေရှိတယ်။ ဒါပေမယ့် အဲဒါကိုပြေလည်အောင် နိုင်ငံတော်အစိုးရနဲ့ ကုမ္ပဏီတွေနဲ့ ဒီနေ့ထိဆက်လက်ပြီး ဖြေရှင်းနေရတဲ့ဟာတွေ ရှိပါတယ်။ အဲဒီလိုကိစ္စမျိုးတွေ မဖြစ်အောင် ဒေသခံတွေရဲ့ တွေ့ကြုံလာရမယ့် ရလဒ်ကောင်းတွေရှိသလို ဆိုးကျိုးတွေလည်း ရှိလာနိုင်တဲ့အတွက်ကြောင့် အဲဒီဆိုးကျိုးတွေကို ပြည်သူတွေနဲ့ ပြည်သူကို ကိုယ်စားပြုထားတဲ့ ပါတီတွေဟာ ပူးပေါင်းပြီးတော့ ဘယ်လိုဆောင်ရွက်ကြမယ်၊ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဒေသကို မနစ်ရာရအောင် ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ပြည်သူတွေနဲ့ တသားတည်း နေသွားမယ်ဆိုတာကို ဆွေးနွေးခဲ့ကြတာ” လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွါးရေးစီမံကိန်းဖော်ဆောင်လာပါက ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရေလုပ်သားတွေရဲ့ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်နစ်နာမှု စတာတွေကို ဆွေနွေးခဲ့ကြပါတယ်။

အဆိုပါတွေဆုံပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ စီပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ စိတ်ပါဝင်စားသူတွေ စုစုပေါင်း ၆၀ ၀န်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာနဲ့ တရုတ် CITIC အုပ်စုကုမ္ပဏီတို့ နိုဝင်ဘာ ၈ ရက်က နေပြည်တော်ရှိ  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စီမံကိန်းတည်ဆောက်ရာမှာ နိုင်ငံတကာစံနှုန်း 3P-Standard (People, Prosperity, Planet) ဖြစ်တဲ့ ပြည်သူ့အကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုတဲ့ အခြေခံအချက်တွေပေါ်မှာမူတည်ပြီး အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားထားပါတယ်။

ဒီစီမံကိန်းကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ တရုတ်နိုင်ငံ CITI Consortium ကုမ္ပဏီအုပ်စုတို့ ပူးတွဲလုပ်ကိုင်တာဖြစ်ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ တရုတ်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံဘက်က ၃၀ ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013