DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အပြောင်းအလဲ ဂိတ်ဆုံးကို ရောက်နေဟုဆို
DVB
·
August 28, 2012
မြန်မာပြည်အပြောင်းအလဲ ဂိတ်ဆုံးကို ရောက်နေဟုဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ ဒီထက်ပိုမိုချဲ့ထွင်လို့ မရနိုင်တော့ဘူးလို့ ထင်ရှားတဲ့ မြန်မာပညာရှင် ဒေါက်တာ တင်မောင်မောင်သန်းက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်ထဲက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဟာ လမ်းခရီးဆုံးကို ရောက်နေပုံရတယ်လို့ သူက ပြောပါတယ်။

လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ စစ်တပ်ဟာ အခန်းထဲရောက်နေတဲ့ ဆင်ကြီးနဲ့ တူပြီး ဒေါ်အောင်ဆန်းစုကြည်က အခန်းထဲက ကြွက်ကလေးနဲ့ တူတယ်လို့လည်း ဒေါက်တာတင်မောင်မောင်သန်းက ဥပမာပေး ခိုင်းနှိုင်းပြောသွားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က ကမကထ လုပ်တဲ့ ဆွေးနွေးပွဲမှာ စင်ကာပူမှာ အခြေစိုက်တဲ့ အရှေ့တောင်အာရှလေ့လာရေးဌာန (ISEAS)ရဲ့ အကြီးတန်းသုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက အခုလို ပြောလိုက်တာပါ။

“ကျနော်မြင်တာက ဒီဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှာပဲ လုပ်မယ် ဆိုတာကို အမြဲတမ်း ကြွေးကြော်လာတာကိုး။ ဒီဘောင်ထဲမှာကိုပဲ လုပ်သင့်လုပ်ထိုက်တာတွေ သူတို့လုပ်ပြီးပြီ ဆိုတဲ့အနေအထား၊ ၁ နှစ်ခွဲလောက် အတွင်းမှာပဲ အမြန်အဆန် လုပ်လိုက်တာက နောက်ထပ် အသစ်အနေနဲ့ ဘာမှလည်း ထပ်မထွက်လာတော့ဘူးလေ။ ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းကဆိုရင်၊ သူတို့ဘာသာ သူတို့ကျေနပ်ပြီလို့ ယူဆရတာပေါ့။ ဒါတော့ ကျနော် သိပ်မသိဘူးလေ။ ဒါက မှန်းခြေပြောရတာ။ ကျနော်တို့ အနောက်တိုင်းက ပြောနေတဲ့ ဒီမိုကရေစီပုံစံတော့ မဟုတ်ဘူးမလား။ အဲပုံစံက open သိပ်ဖြစ်တယ်လေ။ အဲပုံစံဆို ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လူတွေက ပြင်ရမယ်လို့ ပြောနေတယ်လေ။ အစိုးရကတော့ သူ့ဘာသာသူ ပြင်ဖို့ စိတ်မကူးဘူးလေ။”

ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပံ္ပဌာနမှာ ကျင်းပတဲ့ ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်က တပ်မတော်နဲ့ မြန်မာပြည်အပြောင်းအလဲ သို့မဟုတ် အခန်းထဲက ဆင် (The Tatmadaw and Myanmar Reforms: The Elephant in the Room) ဖြစ်ပါတယ်။

လောလောဆယ်  မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအကြောင်း ပြောကြတဲ့အခါမှာ အရေးပါတဲ့နေရာမှာ ဆက်ရှိနေတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မေ့လျော့နေကြတယ်လို့ ဒေါက်တာ တင်မောင်မောင်သန်းက ထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဥပမာပေးသွားတဲ့ အပေါ်မှာလည်း ဒေါက်တာ တင်မောင်မောင်သန်းက အခုလို ရှင်းပြပါတယ်။

“ကျနော် ရယ်စရာပြောတဲ့သဘောပါပဲ။ သူ့ကိုသေးသိမ်အောင် ပြောတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆိုလိုတာက၊ မေးတဲ့သူက မေးတာက တပ်မတော်ကြီးက ဆင်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဆင်ကိုကျုံ့ထားတဲ့ ချွန်းလားဆိုတော့ အဲလိုတော့မမြင်ဘူးလေ။ တယောက်နဲ့ တယောက်က ရန်သူမှမဟုတ်တာကိုး။ သို့သော် ဒီအခန်းထဲမှာပဲ ဆင်ရှိသလို ကြွက်ရှိတာပဲ။ ကြွက်ဆိုတာက လူတွေကပြောကြတယ်၊ ဆင်ကမကြိုက်ဘူးလို့ ပြောတယ်။ ဒါပေမယ့်လည်း သူ့ဟာသူနေရင် ပြဿနာမရှိဘူး။ ဆင်ကို သွားပြီး အန္တရာယ်ပြုတဲ့ သဘောမှမရှိတာ။ ဆင်ကသာ သူ့သဘောသဘာဝအရ ကြွက်လာရင် အနေအထိုင်ခက်တာပဲ။ အဲ့သဘောပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်အောင် ပြောတာမဟုတ်ပါဘူး။ တော်ကြာ အထင်လွဲပြီး ကျနော့်ကို တိုက်ခိုက်နေကြဦးမယ်။”

လောလောဆယ် မြန်မာစစ်တပ်ကိုယ်တိုင်နဲ့ အပြောင်းအလဲကို ပုံဖော်နေတဲ့ စစ်တပ်ခေါင်းဆောင်ဟောင်းတွေသာမက၊ တပ်ထဲက မျိုးဆက်သစ်တွေထဲမှာတောင် စစ်တပ်က နိုင်ငံရေးမှာ    ၀င်ပါဖို့ လိုအပ်တယ်လို့ ယုံကြည်ထားကြတာတွေက အများစုဖြစ်နေသေးတယ်လို့ ဒေါက်တာတင်မောင်မောင်သန်းက ဆိုပါတယ်။

ဒါကြောင့် လာမယ့် နှစ်အနည်းငယ်အတွင်းမှာ လွှတ်တော်ထဲက စစ်သားကိုယ်စားလှယ်တွေ လျှော့ချတာ၊ ဒါမှမဟုတ် ရုပ်သိမ်းသွားတာမျိုးကို မျှော်လင့်နိုင်ဖို့ မလွယ်သေးဘူးလို့ သူက သုံးသပ်ပါတယ်။

အခုနောက်ဆုံး ၀န်ကြီးနေရာ အပြောင်းအလဲတွေကို ကြည့်ရင်လည်း အရင်စစ်အစိုးရ လက်ထက်ကတည်းက တာဝန်ကြီးကြီးယူခဲ့သူတွေ အချင်းချင်းအကြားမှာ ရဲဘော်ရဲဘက်စိတ်တွေ လွှမ်းမိုးနေတာ တွေ့ရတယ်လို့ ဒေါက်တာ တင်မောင်မောင်သန်းက ပြောပါတယ်။

“သမ္မတရဲ့ အဖွဲ့သည် တဖြည်းဖြည်းနဲ့ အ၀န်းအ၀ိုင်းကျယ်လာတယ်လို့ မြင်တယ်။ အခုကြည့်ရတဲ့အနေအထားမှာ တယောက်မှ ထုတ်ပယ်ခြင်း မရှိဘူးလေ။ သဘောကတော့ ရဲဘော်စိတ်တွေရှိသေးတယ်။ အားလုံးလက်တွဲလုပ်မယ်ဆိုတဲ့ စိတ်ကူးကတော့ လွှမ်းမိုးနေတုန်းပဲ။ အဲတော့ နည်းနည်း စိတ်တိုင်းမကျသေးရင်တောင်မှ ဒီလူ လက်တွဲခေါ်လို့ရသေးတယ်လို့ ပြောတဲ့သဘောပေါ့။ သမ္မတကြီးက လက်တွဲခေါ်လို့မရရင် ဖြုတ်ခဲ့မယ်ဆိုတော့ ခေါ်လို့ရတယ်လို့ ယူဆရမှာပေါ့။ အဲ့နည်းက ဗမာနည်း မဇ္ဈိမပဋိပဒါနည်းက အမြဲသုံးနေကျ။ တချို့ကလည်း အားမရဘူးပေါ့။ ဖြုတ် ထုတ် သတ်ပေါ့။ ဖြုတ် ထုတ် သတ်က မလုပ်သင့်ဘူး။”

ဒီနေ့ ဆွေးနွေးပွဲကို နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ပြုလုပ်ခဲ့ပြီး မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

ဒေါက်တာတင်မောင်မောင်သန်းနဲ့ မေးမြန်းချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013