ပြည်ပကို နွားတင်ပို့မှုကြောင့် နွားရှားပါးလာ၊ ဈေးနှုန်း မြင့်တက်
DVB
·
November 10, 2018

ပြည်ပကို နွားတင်ပို့မှု ခွင့်ပြုခဲ့တာကြောင့် ဈေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းမှာ နွားရှားပါးလာကာ နွားအရောင်းအဝယ်ပြုလုပ်သူတွေနဲ့ နွားလေလံသမားတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
တပိုင်တနိုင် နွားဝယ်ရောင်းလုပ်နေသူ ကိုကြည်ဝင်းက “နိုင်ငံတော်က ပြည်ပနွား တင်ပို့ခွင့်ကို တရားဝင်ခွင့်ပြုလိုက်တဲ့နောက် နွားဈေးတွေ အဆမတန်တက်လာတယ်။ ငွေတတ်နိုင်တဲ့ ကုန်သည်တွေက နယ်တွေအထိ ဆင်းဝယ်၊ ခြံတွေ ဆောက်လုပ်ပြီး နွားတွေကို ပြည်ပတင်ပို့ဖို့အတွက် စုဆောင်းထားတယ်။ ရွာတွေမှာဆို နွားတွေမရှိသလောက် ရှားပါးလာပြီး နွားဈေးက တက်လာတယ်။ တပိုင်တနိုင် နွားဝယ်ရောင်းလုပ်တဲ့သူတွေက ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းရတော့ ရှုံးတာပေါ့” လို့ပြောပါတယ်။
နွားလာရောင်းသူ တောင်သူ ဦးသာဒင်က “ကျနော်တို့ မိုးကျလို့ လယ်တွေစိုက်မယ့် အချိန်နွားတရှဉ်းကို ၂၆ သိန်းအထိ ပေးဝယ်ရတယ်။ ဒါတောင် ခိုင်းလို့ဖြစ်တယ်ဆိုတဲ့ နွားပဲရတယ်။ လယ်ပြီးလို့ ပြန်ရောင်းတော့ သိန်း ၂ဝ ကျော်လောက်နဲ့ ပြန်ရောင်းရတော့ ရှုံးတယ်။ စပါးရိတ်သိမ်းချိန်မှာ စက်တွေနဲ့ ငှားပြီးရိတ်ရတယ်။ ၁ ဧကကို လေးသောင်းခွဲပေးရတယ်။ တောင်သူတွေက အဘက်ဘက်က အရှုံးကြီးပဲ” လို့ပြောပါတယ်။
ဥက္ကံနွားပွဲလေလံဆွဲသူ တာဝန်ရှိသူတဦးက “နွားပွဲလေလံက ၁ နှစ်ကို သိန်း ၂ဝဝဝ ကျော်ပေးရတယ်။ အရင်က ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဘက်က နွားတွေပါဝင်တော့ အဆင်ပြေတယ်။ အခု ပြည်ပတင်ပို့သူတွေက နယ်တွေမှာ ကိုယ်တိုင်ဆင်းဝယ်တယ်၊ ခြံတွေနဲ့ စုဆောင်းပြီး ပြည်ပကိုတင်တယ်။ နွားပွဲထဲကို မလာကြတော့ဘူး။ အခုနွားပွဲမှာ ပြည်တွင်းတပိုင်တနိုင် နွားကုန်သည်တွေနဲ့ တောင်သူတွေ လောက်ပဲ လာရောင်းကျတော့တယ်။ အရင်က ပြည်တွင်းသားသတ်ကို တပတ်ကို နွားကောင်ရေ ၇ဝဝ ကျော်အထိ တင်ပို့နိုင်တယ်။ အခုတပတ်ကို အကောင်ရေ ၁၅ဝ ကျော်လောက်ပဲ တင်ပို့နိုင်တယ်” လို့ပြောပါတယ်။
သားသတ်နွားနဲ့ ပြည်ပတင်ပိုခွင့်ပြုတဲ့နွားတွေကို အသက် ၅ နှစ်အထက် ခွင့်ပြုထားပေမယ့် ပြည်ပကိုတရားဝင်နွားတင်ပို့ခွင့် ရပြီးနောက်ပိုင်း နွားချောနွားလှတကောင်ကို ၁၄ သိန်း မှာ ၁၅ သိန်းအထိ ဈေးရရှိပြီး ပြည်တွင်းသားသတ်နွားတကောင်ကို ၆ သိန်းကျော်အထိ ပေါက်ဈေးရှိလာပါတယ်။ အမဲအသားဈေးကွက်ဟာ အရင်က ၇ဝဝဝ ကျပ်အထိသာ ရှိပေမယ့် အခု တပိဿာကို ၁၅ဝဝဝ ကျပ်အထိ ဈေးမြင့်တက်လာပါတယ်။
သတင်း-မေသွယ်