DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးသံတမန် ပိုင်ဖြိုးသု စီးကရက်သောက် သရုပ်ဆောင်ခဲ့သည့်အပေါ် ဝေဖန်
DVB
·
November 10, 2018
ကျန်းမာရေးသံတမန် ပိုင်ဖြိုးသု စီးကရက်သောက် သရုပ်ဆောင်ခဲ့သည့်အပေါ် ဝေဖန်
Donate to DVB

ရန်ကုန်တိုင်း ကျန်းမာရေး သံတမန်ဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုက လက်ရှိရုံတင်နေတဲ့ မီ ရုပ်ရှင်ဇာတ်ကား ပိုစတာမှာရော ဇာတ်လမ်းထဲမှာပါ စီးကရက်သောက်တာကို ကျန်းမာရေး အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

ဇာတ်လမ်းအရ သရုပ်ဆောင်တာ ဆိုပေမယ့် ကျန်းမာရေး သံတမန်ဖြစ်နေတဲ့အတွက် ဇာတ်ကားတခုလုံးမှာ စီးကရက်သောက်ပြတဲ့ဇာတ်ရုပ်သရုပ်ဆောင်တာကို ဝေဖန်ကြတာပါ။

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီဌာန အရာရှိတယောက်က ဒီကိစ္စကို သူ့အနေနဲ့ လုံးဝ သဘောမတူပေမယ့် မှတ်ချက်တော့မပေးလိုဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုကို ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်း ကျန်းမာရေး သံတမန်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လက ခန့်အပ်ခဲ့တာပါ။

အဲဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပြီး သုတေသနတွေ့ရှိချက်တွေအရ မိမိတို့နိုင်ငံမှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါတွေဖြစ်ပွားတာ မြင့်မားနေပြီး နာတာရှည်ရောဂါတွေကို ဖြစ်ပွားစေတဲ့ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ အရက်သေစာသောက်စားတာ စတဲ့ ကျန်းမာရေးကို ထိခိုက်စေ တဲ့ အလေ့အထတွေ ရှိနေတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို လိုက်နာကျင့်သုံးတာ အားနည်းနေသေးတာကို တွေ့ရတယ်လို့ ပြောခဲ့ပါတယ်။

မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက “ဒီကိစ္စကတော့ ရုပ်ရှင်ရိုက်ကြတဲ့ နေရာမှာဇာတ်ကောင်ရဲ့ character (ဇာတ်ကောင်စရိုက်) အတိုင်း သရုပ်ဆောင်တာ၊ ဇာတ်ကွက်ထဲမှာပါတာကို ပိုစတာလုပ်တာ လုပ်လို့ ရပါတယ်။ ဒါပေမယ့် ကျန်းမာရေး သံတမန်ဖြစ်နေတော့ ဖြစ်နိုင်ရင်မလုပ်စေချင်ပါဘူး။ ဒါပေမယ့် ခုမှသိရလို့ ဒီလို scene နဲ့ ရုပ်ရှင်ကြော်ငြာမလုပ်ဖို့ တားမြစ်လိုပါတယ်။ ဒီကိစ္စက စီးကရက် ကြော်ငြာမဟုတ်ပေမယ့် သရုပ်ဆောင်တစ်ယောက်ကြောင့် အားကျပြီး လူငယ်တွေ လိုက်လုပ်ကြမှာ ကိုတော့ မဖြစ်စေချင်ပါ။ ဥပဒေအရ ဘယ်လို သက်ရောက်သလဲဆိုတာ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ဖို့ ဆောင်ရွက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုကို ဖုန်းနဲ့ ဆက်သွယ်ရာမှာတော့ ဒါနဲ့ပတ်သက်ပြီး သီးသန့်ဖြေကြားဖို့ အစီအစဉ်ရှိတာကြောင့် အခုတော့ တယောက်ချင်းမဖြေသေးဘူးလို့ သူ့ရဲ့ မိခင်က ပြောပါတယ်။

ကျန်းမာရေးဌာန အရာရှိတယောက်ကလည်း ကျန်းမာရေးသံတမန်တွေဟာ သရုပ်ဆောင်တဲ့အခါမှာ၊ ပြည်သူတွေရဲ့ကြားမှာ သွားလာနေထိုင်ရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အနေအထိုင်ပုံစံတွေကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ညီညွတ်တဲ့ပုံစံတွေကို သရုပ်ဆောင်ရာမှာ ပြောဆိုရာမှာ ထည့်သွင်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု ရုပ်ရှင်ရိုက်လိုက်တဲ့ မီ ဇာတ်ကားဟာ ၁၉၄၈ ခုနှစ်က ရှုမဝ မဂ္ဂဇင်းမှာ စတင်ဖော်ပြခဲ့တဲ့ စာရေးဆရာမကြီး  ကြည်အေးရဲ့ ဝတ္ထုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013