DVB Logo
Home
မေးမြန်းခန်း
ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းစတင်
DVB
·
August 28, 2012
ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းစတင်
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းရဲ့ ဒုတိယလှိုင်းဟာ ယခု စတင်နေပြီလို့ နိုင်ငံတော်သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးတွေ၊ ဗဟိုအဆင့်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမယ့် အောက်ခြေအဆင့်တွေမှာ မပြောင်းလဲနေသေးတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။



[caption id="attachment_29898" align="alignright" width="310" caption="နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး"][/caption]

မနေ့က ၀န်ကြီးတွေ၊ ဒု-၀န်ကြီးတွေ ပြောင်းလဲတာတွေ့ရ တယ်။ တချို့ ဒုဝန်ကြီးတွေ တိုးခန့်လာတာ တွေ့တယ်၊ အထူးသဖြင့် အမျိုးသမီးဝန်ကြီးပေါ့။ မူလက ၂ ဦး၊ အခုတော့ ၄ ဦး၊ ၆ ဦးဖြစ်လာပြီပေါ့။ မြန်မာနိုင်ငံမှာ ၀န်ကြီးအဖွဲ့မှာ ဒု -၀န်ကြီးတွေထဲ အမျိုးသမီးဦးရေ တိုးတက်လာတဲ့ အပေါ် ဘယ်လိုမြင်ပါလဲ။

“ကျနော်တို့က လိင်ခွဲခြားဆက်ဆံမှုတွေ မရှိဘူး။ ဒါကျနော်တို့က ဖွံ့ဖြိုးတိုးတက်ခါစ ဆိုတော့ အမျိုးသမီး ဒု-၀န်ကြီးတွေ ဦးစားပေးရွေးတာပါ။”

သူတို့ကိုရော အဆင့်သတ်မှတ်တာမျိုးရှိပါလား။ ဥပမာ ဒေါ်စုစုလှိုင်ဆိုရင် ဒဂုံမြို့သစ်တောင်ပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်၊ ကျန်တာတွေကတော့ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေပေါ့လေ။ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ဆိုရင်။

“အဆင့်သတ်မှတ်တာမရှိဘူးလေ၊ ဒု-၀န်ကြီးတွေပေါ့လေ အမျိုးသမီးတွေထဲမှာ သင့်လျော်တဲ့လူ ရွေးပြီးခန့်အပ်တာပေါ့။”

တချို့ဆို ဒေါက်တာ ဒေါ်သက်သက်ဇင်တို့ဆို သက်ဆိုင်ရာမှာ ကျွမ်းကျင်တဲ့သူတွေပေါ့လေ။

“သူတို့က အန်ဂျီအိုတွေနဲ့ လှုပ်ရှားနေတော့၊ သဘာဝပတ်ဝန်းကျင်တို့ ဘာတို့မှာ လုပ်နိုင်မယ် ယူဆပြီး သမ္မတကြီးက ခန့်လိုက်တယ်လို့ ယူဆပါတယ်။”

နောက်တခုက ပညာရှင်တွေ၊ အထူးသဖြင့် ဦးသောင်းတင်တို့၊ ဦးဆက်အောင်တို့၊ ဦးသန်းဆွေတို့ ပါလာတဲ့ အပေါ်ကိုရော ဘယ်လိုပြောလို့ရမလဲ။

“လူမှန်နေရာမှန် ရွေးချယ်ချထားတာပါ။ ဦးဆက်အောင်ဆိုရင် နိုင်ငံတော်သမ္မတ အကြံပေး၊ နောက် အမျိုးသားလူမှုစီးပွား ကောင်စီမှာလည်း ပါတယ်။ ဦးသောင်းတင်လည်း ပါတယ်၊ ဒေါ်ခင်စန်းရီလည်း ပါတယ်။ အဲလိုလူတွေကို သူလုပ်မယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အဓိကပါဝင်အောင်လို့ ပညာရှင်တွေ ခန့်တာပါ။”

အခုဆိုရင် ဦးဆက်အောင်က ဒု-၀န်ကြီးဖြစ်လာပြီဆိုတော့ ပထမ သူ့ကိုခန့်ထားတဲ့ သမ္မတ အကြံပေးရော ဆက်ပါဖို့ ရှိသေးပါလား။

“ဒါကတော့ သမ္မတကြီး စဉ်းစားပြီးတော့ ဆက်လုပ်မှာပါ။ လောလောဆယ်တော့ စီးပွားရေးအကြံပေးက ၂ ယောက်ကျန်မယ်။”

နောက်တခုက သမ္မတကြီးက ပြောခဲ့တယ်။ အပြောင်းအလဲ မလိုက်ချင်တဲ့သူတွေကို ထားခဲ့မယ်။ သူပြောတဲ့အတိုင်းပဲ အပြောင်းအလဲတွေ စတင်လုပ်လာပြီဆိုတော့ ရှေ့ဆက်ပြီးရော ဘာတွေဆက်လုပ်သွားမလဲ။

“အခု ထုတ်ပြန်ထားတဲ့ အမိန့် ၂ ခုကို ကြည့်လိုက်ရင် ရှင်းပါတယ်။ သူ့အခင်းအကျင်းက မပြီးပြတ်သေးဘူး။ ဒါက စပြီးတော့ ပြောင်းလိုက်တာ၊ ဒါကို ကြည့်ပြီးတော့ ဆက်ပြီးတော့ လစ်လပ်နေသေးတဲ့ ၀န်ကြီးဌာနတွေလည်းရှိပါသေးတယ်။ အဲအပေါ်မှာ ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာ နောက်ပိုင်း ဆက်ထွက်လာဦးမှာပါ။ သူ့အခင်းအကျင်းက မပြည့်စုံသေးဘူးပေါ့နော်။ တခုလုံး မမြင်ရသေးဘူးပေါ့။ တခုလုံးမြင်ရဖို့အတွက် စောင့်ကြည့်ရဦးမှာပါ။ လာဦးမှာပါ။”

အခုဆိုရင် အစိုးရအဖွဲ့ထဲမှာ ပြည်သူတွေထင်သာမြင်သာဖြစ်အောင် ဘာတွေများလုပ်ထားတာရှိလဲ။

“ကျနော်တို့ ဒီဘက်မှာsecond wave reform(ပြပြင်ပြောင်းလဲရေး ဒုတိယလှိုင်း) သွားနေတာ ရှိတယ်။ ၀န်ကြီးဌာနတွေ၊ တိုင်းဒေသကြီး အစိုးရတွေကို guide line ပေးပြီးတော့framework
ချထားပေးပြီးတော့ ၀န်ကြီးဌာနတွေက ကိုယ့်ဘာသာကိုယ် ပြန်လုပ်ကြရတာ။ ဥပမာ ဆက်သွယ်ရေးဆိုရင် သူရဲ့ လုပ်ငန်း MPTကို ဘယ်လိုလုပ်မလဲ။ ကျန်တဲ့ ၀န်ကြီးဌာနတွေလည်း အလားတူ internal reformလုပ်ခိုင်းထားတာ ရှိပါတယ်။ အဲဒါနဲ့က အပေါ်ကနေ ဒီ reform ကို ထိထိရောက်ရောက် အကောင်အထည်ဖော်မယ့် ကွပ်ကဲကြီးကြပ်မယ့်သူတွေကို သူတို့ ရွေးချယ်ပြီး ပြောင်းလဲနေရာချထားတာ ဖြစ်ပါတယ်။ ဟိုဘက်မှာလည်း သူတို့ ၀န်ကြီးဌာနတွေထဲမှာ လုပ်နေတဲ့ဟာတွေ ရှိပါတယ်။ ကိုယ့်ဘာသာကိုယ် reform လုပ်နေတယ်။ ပညာရှင်တွေနဲ့ ဆွေးနွေးတယ်။ အထူးသဖြင့် ဒေါက်တာ ဦးမြင့်တို့ အိုင်ဒီယာတွေနဲ့ ပေါင်းစပ်ပြီး ညှိနှိုင်းပြီး အကြံဥာဏ်ယူပြီး နိုင်ငံတကာ ပညာရှင်တွေနဲ့ လုပ်နေတာ ရှိတယ်။ အဲဒါအပြင် မိန့်ခွန်းတွေမှာလည်း ပါပါတယ်။ clean government၊ good government ကို သွားတဲ့အခါမှာ ကြိုးနီစနစ်တွေကို ဘယ်လိုလျော့မလဲဆိုတဲ့ဟာကို ပညာရှင်တွေနဲ့ဆွေးနွေးပြီး လုပ်နေတာတွေ ရှိတယ်။ အဲဒီတော့ reform ကတော့second wave ကတော့ မပြီးသေးဘူးဗျ။ အခုမှ လုပ်နေတုန်း။ ဒါတွေကို အားလုံးကို တချိန်တည်း၊ တပြိုင်တည်း ဆုံသွားတဲ့အခါမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာလာမယ်။ ပိုပြီးတော့ အစိုးရ ယန္တရားက သွက်လက်လာမယ်။ အဲဒီအတွက်လည်း လူမှန်နေရာမှန် ရွေးချယ်ပြီး ချထားလိုက်တာပါ။”

အခု သမ္မတကြီး သွားချင်တဲ့ အပြောင်းအလဲက ဘယ်အထိ ရောက်နေပြီလဲ။ ဘယ်လောက်အထိရော ကျန်သေးလဲဗျ။

“ပထမအဆင့် သူက စပြီးတော့concept (အယူအဆ) ကို ပြောင်းလိုက်တယ်ဗျ။ အဓိကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ဝင်အောင် လုပ်ဖို့က အုပ်ချုပ်ရေးယန္တရားက ဦးဆောင်ပြီး လုပ်နေတာပေါ့နော်။ လုပ်ခဲ့တဲ့အပိုင်းက ဖွဲ့စည်းပုံ အခြေခံဥပဒမှာ check and balance တွေ အသက်ဝင်လာတယ်။ လွှတ်တော်တွေ သီးခြား ဖြစ်လာတယ်။ နောက်ဆုံး စတုတ္ထမဏ္ဍိုင် မီဒီယာကို လုပ်တယ်။ သမ္မတကြီး တက်လာကတည်းကိုက ပြောတယ်။ မီဒီယာကဏ္ဍကို အဓိကထားရမယ်။ ဒီမိုကရေစီမှာ မီဒီယာသည် အဓိက ဒေါက်တိုင်တခု ဆိုတာ သူကိုယ်တိုင်လည်း အသိအမှတ်ပြုသလို အခုလည်း မီဒီယာကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အဲဒီ second wave မှာလည်း မီဒီယာကလည်း check and balance မှာ တပိုင်းအနေနဲ့ ပါလာမှာ။ အဲဒီလို သူ့ဘာသာသူ ကြီးထွား ရှင်သန်လာမှာ။ အဓိကတော့ ကျနော်တို့ သွားတဲ့ ဒီမိုကရေစီက လူထုမျှော်လင့်နေတဲ့ ဒီမိုကရေစီဖြစ်အောင်၊ အားလုံးပါဝင်နိုင်အောင် လုပ်နေပါတယ်။ အဲဒီအပေါ်မှာ အုပ်ချုပ်ရေး အပိုင်းကနေ လုပ်လို့ရတဲ့ဟာတွေကို သွားနေတာ။”

ဗဟိုအဆင့်ကို ပေါ်လစီတော်တော်များများ ပြောင်းနေပြီ။ အောက်ခြေအဆင့်တွေမှာတော့ သိပ်မပြောင်းသေးဘူး။ အရင်ပုံစံမျိုးလေးတွေ ရှိနေသေးတယ်ဆိုပြီး ပြောဆိုနေတာ ရှိတယ်။ အဲဒီအတွက်ရော ဘာများ ပြောချင်သေးလဲဗျ။

“အဲဒါနဲ့ ပတ်သက်လို့ ကျနော့်အမြင်အရပဲ ပြောချင်ပါတယ်။ အဓိကတော့ အုပ်ချုပ်ရေး ယန္တရားသည် လွန်ခဲ့တဲ့ အနှစ် ၂၀ တောင် မကဘူးဗျ။ ဗဟိုဦးစီးစနစ်နဲ့ ကျင့်သုံးလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်လောက်ရှိနေပြီ။ ဒီစနစ်နဲ့ ကျင်လည်လာခဲ့တာဆိုတော့ ပွင့်လင်းတဲ့စနစ်ကို သွားတာ တနှစ်ခွဲကျော်ပဲ ရှိသေးတယ်။ အဲဒီတော့ စနစ်နဲ့အတူ ဖြစ်လာတဲ့ ကြိုးနီစနစ်တွေကို တချို့ဆိုရင် ကြိုးနီလမ်းစဉ်လို့တောင် ပြောတယ်။ အစိုးရယန္တရားကြီးရဲ့ ဖွဲ့စည်း တည်ဆောက်မှုကိုက အဲဒီလို လည်ပတ်ခဲ့တော့ စနစ်ပြောင်းခေတ်ပြောင်းမှာ တဖြည်းဖြည်းနဲ့ ပြောင်းလာပြီးတော့ အဲဒီလို ခေါင်းပိုင်းပြောင်းပြီး အောက်ပိုင်းတွေ မပြောင်းဘူးဆိုတာ ကြားထဲမှာ ကျန်နေတာတွေပေါ့။ အမျိုးမျိုးပေါ့။ တဖက်ကလည်း အရင်တုန်းက လူ့အဖွဲ့အစည်းက မပွင့်လင်းခဲ့ဘူး။ အခုပွင့်လင်းလာပြီဆိုတဲ့ဟာနဲ့ သူ့ဟာနဲ့သူ check and balance သွားပြီးတော့ စနစ်ကလည်း ကောင်းကောင်း အသက်ဝင်လာပြီဆိုရင် ဦးဆောင်မယ့်သူတွေကလည်း မောင်းနှင် နိုင်ပြီ လုပ်နိုင်စွမ်းအားတွေလည်း လိုက်လာပြီဆိုရင်တော့ အခုနဟာတွေက တဖြည်းဖြည်း ပျောက်သွားမှာပါ။second wave က အခုမှ စတော့ ဒါကို စောင့်ကြည့်ရဦးမှာပေါ့။ အဓိကတော့ သမ္မတကြီး ပြောနေတဲ့ ပြည်သူလူထုရဲ့ အသံကို သူအမြဲတမ်း အလေးထားတယ်။ လူထုအသံကိုလည်း သူ့ဘာသူလည်း နားထောင်ပြီး ပြောင်းလဲမှုတွေကို လုပ်နေပါတယ်။ သူ စပြီး တက်လာကတည်းက လူထုဆန္ဒကို ဦးစားပေးပြီး လုပ်ခဲ့တာပေါ့။ အခုလည်း ပြည်သူလူထုကြားထဲမှာ အားမလို အားမရ ဖြစ်နေတာတွေကိုလည်း သမ္မတကြီးကိုယ်တိုင် အသိပါပဲ။ ဒါကြောင့် second wave
ကို စရခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့က framework လေးနဲ့ လုပ်လို့ မရတဲ့ အပိုင်းတွေကို ကြားကနေ ၀င်လုပ်မယ့်အပိုင်းတွေလို့ ကျနော်က မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013