
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ ခဲ့တဲ့အတွက် အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က ဗုံးကြဲမှုကြောင့် ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်က ဦးညီငယ် (၃၉ နှစ်)၊ ဒေါ်ပုမ (၆၅ နှစ်)၊ ဒေါ်ခင်သက် (၃၂ နှစ်)၊ ဦးဌေးလွင် (၄၅ နှစ်)၊ ဒေါ်ခင်မိုး (၅၈ နှစ်)၊ ဒေါ်ကြည်ကြည် (၄၀ နှစ်)၊ ဦးမြင့်ဝင်းတင် (၆၂ နှစ်)၊ ပြည့်ဖြိုးအောင် (၃၃ နှစ်) နဲ့ မေငယ် (၂၈ နှစ်) တို့ အသီးသီး ဒဏ်ရာ ရရှိ သွားပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဒီနေ့မနက်ပိုင်းက လာပြီး တခါတည်း ဗုံးတန်းကြဲချတာ၊ လူစုလူဝေးရှိတာ မကျလို့ တော်သေးတယ်၊ ဒဏ်ရာပြင်းထန်တဲ့လူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
မနေ့ မေ ၂၁ ရက် မနက် ၉ နာရီကျော်မှာ စစ်တပ်က ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်နဲ့ ပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံး ၁၀ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အခုလို ဒဏ်ရာတွေရပြီး နေအိမ်တွေပါ ပျက်စီးသွားတာလို့ တာဝန်ရှိသူတယောက်ကလည်း ဆိုပါတယ်။
“ဗုံးချတာက ပြည်သူတွေနေတဲ့နေရာကို ကွက်တိချတာ၊ အကြိမ်လည်းများတော့ နေအိမ်တွေလည်း ပျက်စီးသွားတယ်၊ လူတွေလည်း ပြင်းထန်ဒဏ်ရာရတဲ့သူတွေ ပါတယ်။”
အဆိုပါ စစ်တပ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရသွားတဲ့ ပြည်သူတွေကို အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရ ကျန်းမာရေးဌာနနဲ့ လူမူကူညီရေးလုပ်နေသူတွေ လာရောက်ပြီး ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးအောက်ရွာကို မနေ့ မေ ၂၀ ရက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့ အတွက် ဘုန်းတော်ကြီးကျောင်းကို ထိမှန်ကာ ဆရာတော်နဲ့ လူငယ်တယောက် ဒဏ်ရာရရှိ သွားပါတယ်။










