DVB Logo
Home
မြန်မာသတင်း
ဂီရိမုန်တိုင်းကြောင့် ကျိုးပေါက်ခဲ့သည့် ကာရီဆည်ပြုပြင်မှု ၈ နှစ်ကြာအထိမပြီး၍ တောင်သူများ အခက်ကြုံ
DVB
·
November 9, 2018
ဂီရိမုန်တိုင်းကြောင့် ကျိုးပေါက်ခဲ့သည့် ကာရီဆည်ပြုပြင်မှု ၈ နှစ်ကြာအထိမပြီး၍ တောင်သူများ အခက်ကြုံ
Donate to DVB

၂၀၁၀ ပြည့်နှစ်က ဂီရိမုန်တိုင်း တိုက်ခတ်တာကြောင့် ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု ခညှင်းချိန်ကာရီဆည်က  ကျိုးပေါက်ပျက်စီးသွားခဲ့တဲ့ ရေငန်တားတာဘောင်တွေကို ပြန်လည်ဆည်ဖို့နေတာ ၈ နှစ်ကျော်ကြာတဲ့အထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိလို့ လယ်သမား ၄၀၀ ကျော် အခက်အခဲ ကြုံတွေ့နေရပါတယ်။

အဲဒီရေငန်တား တာဘောင်တွေထဲမှာ အခုအချိန်ထိ ပြန်လည်စိုက်ပျိုးလို့ မရနိုင်သေးတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ချောင်းကြီးဖျားကျေးရွာနေ ဦးကျော်ကျော်ဝင်းက “ခညှင်းချိန်ကာရီမှာ ပါဝင်တဲ့ လယ်သမားတွေရဲ့ ဘ၀ကို ပြောရမယ်ဆိုရင် ဂီရိမုန်တိုင်းဟာ အခုအချိန်ထိတိုက်နေဆဲပါ။ ဒီကာရီကို အားကိုးမှီခိုပြီးတော့ ကျနော်တို့ မျှော်လင့်ချက်တကြီးကြီးနဲ့ မျှော်လင့်နေကြပါတယ်။ လုပ်ကိုင်စားသောက်ရမှလည်း ဒီလယ်သမားတွေရဲ့ မိသားစုဘ၀ကို ကျနော်တို့ ဟိုအရင်တုန်းကဆို စားဝတ်နေရေးအဆင်ပြေတဲ့ဘ၀လို့ပဲ ပြောရမယ်၊ အခုဆိုရင် ကြုံရာကျပန်းဖြစ်သလို ထမင်းတနပ် နပ်မှန်စားဖို့အတွက် အင်မတန်ခက်ခဲပါတယ်” လို့ ပြောပါတယ်။

လယ်ယာလုပ်ငန်းကို ၈ နှစ်ကြာတဲ့အထိ ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသေးလို့ မိသားစုတွေရဲ့ စားဝတ်နေရေး၊ ပညာရေး စတာတွေမှာ အခက်များစွာ ကြုံတွေ့နေရတာပါ။

ကာရီတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစံရွှေမောင်က “ကျေးလက်နေတောင်သူတွေအနေနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အစစအရာရာ အခက်အခဲရှိပြီး ကျောင်းသား ကျောင်းသူတွေကအစ ပညာမသင်ဘဲနဲ့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်နေရတဲ့ဘ၀တွေ၊ ကျနော်တို့ဟာ တော်တော်လည်း ခံစားနေရပါတယ်” လို့ ပြောပါတယ်။

ဒီခညှင်းချိန်ရေငန်တားတာဘောင်ကို ၂၀၁၇/၂၀၁၈ ခုနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ သိန်း ၅၆၀၀ ကျပ်နဲ့  တာဘောင် အလျားပေ (၄၀၈၀၀)၊ ရေတံခါး (၅ပေ×၆ပေ) (၃) ပေါက်၊ ကွန်ကရစ်ရေတံခါး ၁ လုံးကို လက်ရှိ တည်ဆောက်နေပြီး ဆက်လက်လုပ်ဆောင်ရမယ့် အပိုင်းတွေ ကျန်ရှိနေသေးလို့ ပြည်နယ်ကို တင်ပြတောင်း ခံထားတယ်လို့ ကျောက်ဖြူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြောပါတယ်။

ကျောက်ဖြူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ခံဦးစီးအရာရှိ ဦးသက်လင်းထွန်းက “အခုလက်ရှိဆောင်ရွက်ထားတဲ့ တာရိုးတာဘောင်ဆည်ဖို့ခြင်းလုပ်ငန်း အနေတော့ ဒီကာရီဟာ မလုံသေးပါဘူး၊ အဓိက ဒီချောင်းတွေ ကျိုးပေါက်တွေကို ပိတ်ဆို့ပြီး မှသာလျှင် ကျနော်တို့ ဒီကာရီထဲမှာ သက်ဆိုင်ရာ ဒေသခံတောင်သူလယ်သမားတွေ လုပ်ကိုင်စားသောက်လို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးရာသီ ရေထုတ်နုတ်ဖို့အတွက်လည်း ရေတံခါးတွေလည်း ဆက်လက်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ အဲဒါကြောင့်မို့လို့ ရန်ပုံငွေဆက်လက်တောင်းခံထားပါတယ်” လို့ ပြောပါတယ်။

ဒီခညှင်းချိန်တာဘောင်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက် ဒေသခံတောင်သူတွေ လယ်ယာစိုက်ပျိုးလုပ် ကိုင်စားသောက်လာတာဖြစ်ပြီး စုစုပေါင်းလယ်ဧက ၁၇၂၅ ဧကစိုက်ပျိုးနိုင်တာပါ။ အဲဒီလယ်မြေတွေမှာ ကျေးရွာ ၅ ရွာက လယ်သမား ၄၀၀ လောက်  လုပ်ကိုင်နေတာဖြစ်ပြီး အခုချိန်ထိ မပြီးသေးလို့ အခက်အခဲဖြစ်နေကြတာပါ။

သတင်းနှင့်ဓာတ်ပုံ - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013