DVB Logo
Home
မြန်မာသတင်း
တောင်သူများ စပါးပျိုးခင်းဖျက်ဆီးခံရမှု တရားစွဲမည်
DVB
·
August 28, 2012
Donate to DVB

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင်းမှာ သိမ်းဆည်းခံရပြီး လစ်လပ် လယ်မြေတွေမှာ စပါးဝင်စိုက်တဲ့ တောင်သူတွေရဲ့ ပျိုးခင်းတွေကို ကုမ္ပဏီတွေက ဖျက်ဆီးလို့ တောင်သူတွေ နစ်နာတဲ့ကိစ္စ တရားစွဲဆိုမယ်လို့ လယ်သမားတွေဘက်က လိုက်ပါကူညီတဲ့ ရှေ့နေက ပြောပါတယ်။

နောင်ချိုမြို့နယ် ဘန့်ပွေးကျေးရွာအုပ်စု၊ အုန်းမသီကျေးရွာနဲ့ ဂန့်ဂေါကျေးရွာတွေမှာ စပါးခင်းတွေ မကြာသေးခင်က ဖျက်ဆီးခံရတာလို့ ရှေ့နေများကွန်ရက် တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

သိမ်းဆည်းခံရတဲ့ မြေဧကတွေ ရာနဲ့ချီပေမယ့် တောင်သူတွေ ပြန်စိုက်ပျိုးတဲ့ မြေတွေကတော့ ၁၀ ဧက၊ ၁၇ ဧက၊ ၁၅ ဧက သုံးကွက်အစုမှာ မိုးစပါး  စုပေါင်းစိုက်ပျိုးကြတာ ဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်လောက်က ကော်ဖီစီမံကိန်းဆိုပြီး ဒီမြေတွေကို သိမ်းဆည်းခဲ့ပေမယ့် အဲဒီနေရာတွေကို ဘာမှ လာမစိုက်လို့ လစ်လပ်နေတာပါတယ်။ လစ်လပ်မြေတွေ ပြန်ပေးရမယ်လို့ ဥပဒေက ဆိုထားတဲ့အတွက် အဲဒီလစ်လပ်မြေတွေပေါ်မှာ တောင်သူတွေက ၀င်ရောက် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ တောင်သူတွေစိုက်ပျိုးပြီး ပျိုးပင်တွေ ၁ ထောင်ခန့် ရောက်တဲ့အချိန်မှာ ကုမ္ပဏီတွေဘက် လူအုပ်တွေနဲ့လာပြီး စက်နဲ့ထိုးချေ ဖျက်ဆီးခဲ့တာလို့ ဦးမြင့်သွင်က ပြောပါတယ်။

“နှစ်ဖက် အငြင်းပွားတော့မှ အာဏာပိုင်အဖွဲ့အစည်းတွေက ဒါကို နှစ်ဖက်လုံး ရပ်ထားပါ။ ဒီမြေယာကို ဘယ်သူ့ပြန်ပေးမယ်ဆိုတာ ဆုံးဖြတ်ပြီးမှ ဆက်လုပ်ပါဆိုပြီး နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တို့က တားပေးထားတယ်။ ကော်ဖီစိုက်ခင်း မန်နေဂျာတွေကလည်း အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ နှစ်ဖက်လုံးကို တားထားတယ်။”

လယ်စိုက်ခင်းတွေ ပျက်စီးခဲ့ရမှုအတွက် ကုမ္ပဏီက နစ်နာကြေးပေးအောင် ဆောင်ရွက်ပေးမယ်လို့ နယ်မြေခံအာဏာပိုင်တွေက လယ်သမားတွေကို ကတိပြုထားတယ်လို့ ဆိုပါတယ်။

လယ်သမားတွေက ကုမ္ပဏီက ဖျက်ဆီးမှုအတွက် ၁ ဧကကို ၄ သိန်း ၇ သောင်းကျပ်နှုန်းနဲ့ နောင်ချိုမြို့နယ်တရားရုံးကနေ ကုမ္ပဏီ ၃ ခုကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

တရားစွဲဖို့ အဆိုလွှာတွေ ပြင်ဆင်ပြီး ဖြစ်ပေမယ့် အခွန်ဥပဒေ ပြောင်းလဲခဲ့မှုကြောင့် တံဆိပ်ခေါင်းဖိုး ဈေးကြီးမြင့်တဲ့အတွက် တောင်သူတွေ အခက်အခဲ ကြုံနေတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။

အရင်က ကျပ် ၁၁ သိန်းခွဲအထက်ဆိုရင် ၁ သောင်းခွဲ အခွန်ဆောင်ရာက အခွန်ဥပဒေ ပြောင်းလဲသတ်မှတ်ချက်အရ ကျပ် ၁ သိန်းကို ကျပ် ၅ ထောင်၊ ကျပ် ၁ သိန်း အထက်ကို ၁၁ ရာခိုင်နှုန်း အဲဒီကနေ သိန်း ၁၅၀၀ အထက်က ၁၅သိန်း ဆောင်ရတဲ့ စနစ်နဲ့ တံဆိပ်ခေါင်းခွန် ဈေးတက်သွားတာလို့ ဆိုပါတယ်။
“ကျနော်တို့တောင်သူတွေလိုချင်တာက တဧကကို လေးသိန်း ၇ သောင်းနဲ့ ၁၀ ဧကဆို ၄၇ သိန်းတို့၊ နောက် သိန်း ၅၀ ကျော်၊ သိန်း ၆၀ ကျော် ၃ မှုရှိတယ်။ ဥပမာ ၄၇ သိန်းဆိုရင်ပဲ ၄ သိန်း ၇ သောင်း ၄ ထောင် တံဆိပ်ခေါင်းဝယ်ရမှာက၊ ၅၆ သိန်းဆိုရင်လည်း ၅ သိန်း ၆ သောင်း ၄ ထောင်ပေါ့ ခေါင်းက အဲလိုဝယ်ရမှာ။ သိန်းတွေနဲ့ချီတော့ တောင်သူတွေ ချက်ချင်းစုဖို့ ခက်တယ်လေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013