DVB Logo
Home
Lead Story
ချင်းတောင်တန်းက ရင်ခွင်မဲ့တယောက်ရဲ့ ရင်ခွင်မဲ့ဂေဟာ
DVB
·
November 8, 2018
ချင်းတောင်တန်းက ရင်ခွင်မဲ့တယောက်ရဲ့ ရင်ခွင်မဲ့ဂေဟာ
1 / 6
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း၊ ကမ္ဘာကျော် ခေါနုသုန် (ခေါ်) နတ်မတောင် (ခေါ်) ဝိတိုရိယတောင် တည်ရှိရာ ကန်ပက်လက်မြို့လေးရဲ့ မြို့စွန်နေရာတခုမှာ ရင်ခွင်မဲ့ မိဘမဲ့တဦးက ဘဝတူ မိဘမဲ့ကလေးငယ်တွေကို ကူညီစောင့်ရှောက်ဖို့ ဖွင့်လှစ်ထားတဲ့ ဂေဟာလေးတခုရှိတယ်။

[caption id="attachment_298616" align="alignleft" width="370"] ဂေဟာတည်ထောင်သူ မတွီထုန်။[/caption]

အဲဒီဂေဟာလေးကို တည်ထောင်သူ မတွီထုန်ဟာ အသက် ၃ နှစ်သမီး အရွယ်ကတည်းက မိခင်ဆုံးပါးသွားလို့ မိတဆိုးဘဝနဲ့ ဖခင်ဖြစ်သူနဲ့အတူ အသက်၈ နှစ်အရွယ်အထိ နေခဲ့ရတယ်။ ၈ နှစ်အရွယ်မှာတော့ ဖခင်ကတဆင့် ဟားခါးမြို့နယ်၊ ဇိုခွားရွာက ကျောင်းဆရာတဦးရဲ့ အုပ်ထိန်းမှုအောက် စရောက်ခဲ့ရတယ်။

ဒီနောက် အခြေခံပညာ ၄ တန်းကနေ ၈ တန်းအထိ ပညာသင်ယူခဲ့ပြီး ၉၊ ၁၀ တန်းကိုတော့ မွေးစားကျောင်းဆရာရဲ့ ဆွေမျိုးတွေရှိရာ ရန်ကုန်မြို့ကို ပြောင်းရွှေ့ပြီး ပညာ ဆက်လက်သင်ယူခဲ့တယ်။

၁၀ တန်းအရောက်မှာတော့ နေတဲ့အိမ်နဲ့ အဆင်မပြေဖြစ်ပြီး ၁၀ တန်းတောင် မဖြေလိုက်ရဘဲ အိမ်ကနေထွက် ရွှေပြည်သာမှာ ကုန်စိမ်းရောင်း၊ ပိုက်ဆံစုလို့ အသက် ၁၇ နှစ်အရွယ် ၂၀၀၂ ခုနှစ်မှာတော့ ရန်ကုန်မြို့ကြီးကနေ  မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။

မွေးရပ်မြေ ပြန်အရောက်မှာ မိဘမဲ့တွေရဲ့ဘဝကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကြောင့် ကိုယ်ချင်းစာစိတ်ဖြစ်ပြီး ကူညီစောင့်ရှောက်ပေးချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရာကနေ အခုတော့ ဂေဟာအဆင့်ထိ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။

မတွီထုန်ဟာ ဘဝတူ မိဘမဲ့ကလေး ၇ ယောက်နဲ့ “မေတ္တာရိပ်မြုံ ရင်ခွင်မဲ့ဂေဟာ” လေးကို အိမ်ငှားဖွင့်လှစ်ကာ စိန်ခေါ်မှုတွေကို အံတုလို့ သူ့ရဲ့ဘဝကို ကလေးငယ်တွေအတွက်  မြှုပ်နှံခဲ့တယ်။

အသက်အရွယ်အားဖြင့် ၁၇ နှစ်သာရှိသေးတဲ့ မတွီထုန်ဟာ ရင်ခွင့်မဲ့ကလေးတွေကို စောင့်ရှောက်ရတာ ဘယ်လောက်ပင်ပန်းလိုက်မလဲဆိုတာ စာနဲ့တောင် ရေးပြလို့ မရနိုင်အောင်ပင် ဖြစ်ရတယ်။

သူပြန်ပြောပြတဲ့ သူ့ဘဝအကြောင်း အကြောင်းစုံ နားထောင်ရင်း ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့ ခံစားမှုမျိုးစုံကို ခံစားခဲ့ရသလို ကိုယ်သာ သူ့နေရာမှာဆိုရင်ဆိုတဲ့ အတွေးတွေနဲ့ ဆွံ့အခဲ့ရပါတယ်။

ဒီလိုနဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၂ နှစ်ကြာ ဖွင့်လှစ်ခဲ့တဲ့ ဂေဟာလေး ဆက်လက်တည်တံ့နေဖို့ ခက်ခက်ခဲခဲနဲ့ ကဲ့ရဲ့ဝေဖန် အပြစ်တင်မှု၊ ချီးမွမ်းဂုဏ်ပြု ကရုဏာသက်မှုတွေအကြား ရုန်းကန်ရင်း ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းစွာနဲ့ ရုန်းကန်ခဲ့ရတယ်။

၂၀၁၄ ခုနှစ်မှာတော့ သူ့ရဲ့ဘဝလေးကို စာနာ နားလည်ပေးနိုင်မယ့် ပါရမီဖြည့်ဖက် ကိုစတီဗင်နဲ့ စတင်ချစ်ကျွမ်းဝင်ခဲ့ပြီး ဇနီးမောင်နှံနှစ်ယောက်ပေါင်းလို့ ဂေဟာလေးအတွက် အတူရုန်းကန်ကြဖို့ စိတ်ကူးရခဲ့တယ်။

သူ့ရဲ့ ဂေဟာလေးဟာ ဆယ်စုနှစ်တခုကြာလောက် အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရပေမယ့် ၂၀၁၄ ခုနှစ်ကစတင်ကာ အစိုးရရဲ့ လူမှုဝန်ထမ်း ပထမဆင့်အနေနဲ့ အသိအမှတ်ပြုခံခဲ့ရပြီး ထောက်ပံ့မှုအချို့ ရရှိလာခဲ့ပါတယ်။

ဒါ့အပြင် ဝိတိုရိယတောင်ကို လာရောက်ကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေကလည်း ဂေဟာလေးကို အလည်လာရောက်လို့ ကလေးတွေကိုကြည့်ပြီး ကရုဏာသက်ကာ လိုအပ်တာလေးတွေကို တတ်နိုင်သလောက် လှူဒါန်းပေးကြတာ အခုဆို အဆောက်အဦ ၇ လုံးအထိ ရှိလာပြီလေ။

မတွီထုန်လည်း ပါရမီဖြည့်ဖက် ရလာပြီးနောက်ပိုင်း အတော်လေး စိတ်သက်သာရာ ရခဲ့ရသလို ၂၀၁၄ ခုနှစ်ကစတင်ကာ ဂေဟာကိုလည်း မြို့ပေါ်က ပါသင့်ပါထိုက်သူတွေနဲ့ ကော်မတီလေးဖွဲ့ပြီး ဆက်လက်ထိန်းသိမ်း လုပ်ဆောင်ထားတယ်။

အခုဆိုရင်တော့ ရင်ခွင်မဲ့ လူငယ်အမျိုးသမီးလေး မတွီထုန် စတင်ခဲ့တဲ့ ရင်ခွင်မဲ့ဂေဟာလေးမှာ ဘဝတူ ရင်ခွင်မဲ့ကလေးငယ်လေးတွေ ပြုစုပျိုးထောင်ခဲ့တာ ၁၆ နှစ်တာ ကာလအတွင်း အယောက် ၂၀၀ တောင် ကျော်ခဲ့ပြီလေ။

ဘွဲ့ရသူရ၊ အလုပ်အကိုင်ရသူရ၊ ဘဝသစ်စသူစနဲ့ မိဘမဲ့ဆိုတဲ့ ခံစားချက်၊ အားနည်းသိမ်ငယ်စိတ်တွေကို ဖြေဖျောက်ပြီး လူထဲက လူတယောက်ဆိုတဲ့ အသိကို ရိုက်သွင်းကာ ဘဝကို ရဲရဲဝံ့ဝံ့ အန်တုတတ်ဖို့  မတွီထုန်က ကလေးတွေကို သင်ကြားပေးနေတယ်။

ဂေဟာလေးမှာ လက်ရှိ အသက် ၂ နှစ်ကနေ ၁၆ နှစ်အထိ ယောက်ျားလေး ၃၄ ယောက်၊ မိန်းကလေး ၂၅ ယောက် စုစုပေါင်း ၅၉ ယောက်နဲ့ ဂေဟာမှာပဲ ကြီးပြင်းပြီး ဂေဟာကိုပဲ ကူညီပံ့ပိုးနေကြတဲ့ ရင်ခွင်မဲ့ အုပ်ထိန်းသူတွေ၊ မတွီထုန်တို့ အပါအဝင် စုစုပေါင်း ၇၂ ယောက်က ဂေဟာလေးမှာ ဆက်လက်ရှင်သန်နေကြတယ်။

ဂေဟာလေးက အရင်က သူများအိမ်ငှားပြီး ဖွင့်လှစ်ခဲ့ရပေမယ့် အခုဆိုရင် မတွီထုန်ရဲ့ မလျော့တဲ့ ဇွဲလုံ့လ ဝီရိယတွေ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေနဲ့ ၁၂ ဧကထိ ကျယ်ဝန်းတဲ့ ဂေဟာလေးကို ထူထောင်ခွင့်ရရှိနေပြီ။

ကိုယ်ပိုင်သီးသန့်ဝင်ငွေမရှိတဲ့ သူမအတွက် ပါရမီဖြည့်ဖက် ကိုစတီဗင်ရဲ့ ကူညီမှု၊ ဂေဟာက ဘဝတူလေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဂေဟာအတွင်း ငှက်ပျောအပင် ၃၀၀၊ ကော်ဖီပင် ၁၃၀၀၊ ထောပတ်ပင် ၈၀၀ နဲ့ အခြား မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် စိုက်ခင်းငယ်တွေကိုလည်း စိုက်ပျိုးထားပါတယ်။

ကလေးလေးတွေရဲ့ တနေ့တာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နိုင်ဖို့ အတွက်လည်း ဘော်လီဘောကွင်း၊ ခြင်းလုံးကွင်း၊ ဘောလုံးကွင်း၊ ကစားကွင်းလေးတွေကို ၁၂ ဧကရှိတဲ့ ခြံကျယ်ကြီးထဲမှာ ဖန်တီးထားပါတယ်။

ဒါ့အပြင် အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတွေအတွက် လက်မှုပညာ ရိုးရာရက်ကန်းရုံ ဖွင့်ပေးထားသလို ယောက်ျားလေးတွေအတွက် စက်ပြင်နဲ့ အခြားလက်မှုပညာတွေ သင်ပေးနိုင်အောင်လည်း လုပ်ဆောင်နေတယ်။

ဂေဟာလေးရဲ့ တရက်တာ ကုန်ကျစရိတ်ကတော့ ကျပ် ၁ သိန်းကျော်ရှိတဲ့အပြင် ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း ကုန်ကျမှုတွေ ရှိနေတယ်။

အခမဲ့ပညာရေးကို အစိုးရက ဖော်ဆောင်နေပေမယ့် ထီး၊ ဖိနပ်တွေ မပါသေးတော့ ဝယ်ယူရတာ ကုန်ကျမှုတွေ ရှိတာပေါ့။ ဒါတွေကာမိဖို့အတွက် စိုက်ခင်းတွေကနေ ဝင်ငွေရှာနေရသလို ရင်ခွင့်မဲ့ကလေးတွေအတွက် အလုပ်အကိုင်အတွက်ပါ ရရှိအောင် ကော်ဖီစက်ရုံတွေထောင်ပြီး အလုပ်ပေးဖို့လည်း စီမံချင်နေပါတယ်။

ကလေးတွေနဲ့ပတ်သက်ပြီး အမျှော်လင့်ဆုံးကတော့ တနေ့မှာ တိုင်းပြည်အတွက် နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ မတွီထုန်ကတော့ မျှော်လင့်ထားပါတယ်။

“ဒီဂေဟာမှာရှိတဲ့ ကလေးတွေက တနေ့ နိုင်ငံ့ခေါင်းဆောင်တွေ ထွက်လာဖို့ မျှော်လင့်တယ်။ ပြီးရင် မိဘမဲ့ဆိုတဲ့ သိမ်ငယ်မှုတခုနဲ့ ဘဝကို အဆုံးမသတ်သွားဘဲနဲ့ ခေါင်းဆောင်တယောက်ဆိုတဲ့ စိတ်နဲ့ ရောက်လာတဲ့ကလေးတိုင်းက ပတ်ဝန်းကျင်ကို အကျိုးပြန်ပြုကြဖို့ပဲ ကျမ မျှော်လင့်ပါတယ်။” လို့ မတွီထုန်က ပြောပါတယ်။

ဂေဟာရဲ့ သက်တမ်းတလျှောက် သူ့အတွက် အမှတ်ရဆုံး အဖြစ်အပျက်ကတော့ အိမ်ထောင်မကျခင် အပျိုဘဝတုန်းက ၁ လသားအရွယ် ကလေးလေးတယောက် ဂေဟာကို ရောက်ရှိလာချိန်မှာ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမအတွက် အမှတ်တရ အဖြစ်ဆုံးကတော့ အခုဒုတိယတန်းရောက်နေတဲ့ ကလေးလေးပေါ့။ အဲဒီကလေးက ၁ လသားနဲ့ ကျမဆီရောက်လာတယ်။ အဲဒီအချိန်က ကျမက လူငယ်လည်းဖြစ်တယ်။ အပျိုလည်းဖြစ်တဲ့အခါ ၁ လသားလေးကို ရင်ဝယ်ပိုက်ပြီး ကိုယ်နဲ့အတူ အိပ်ရတဲ့အချိန်မှာ အရမ်းကို ကျမ ညတိုင်းလိုလို ငိုရတယ်။ သူနို့ဆာပြီဆိုလို့ရှိရင် ဟိုနားနှိုက်လိုက်၊ ဒီနားနှိုက်လိုက်နဲ့ အရမ်းကို ခံစားရတယ်။ အဲဒီအချိန်က ငါနို့သာထွက်မယ်ဆိုရင် တိုက်ချင်တဲ့စိတ်တွေ ပေါက်တယ်။ ဒါပေမယ့် အပျိုမမှာ နို့မထွက်ဘူးဆိုတဲ့ အသိတခုနဲ့ ပြန်ပြီးတော့ သူ့ကိုထားပြီး ရေနွေးလေးတည် နို့မှုန့်ထုပ်လေးဖျော်လိုက်နဲ့။ အဲဒီတုန်းကဆိုရင် အရမ်းကို ခက်ခဲတဲ့အချိန်ပေါ့။ နို့မိုဆိုရင်လည်း နွားနီတံဆိပ် ၂၀၀ တန်အထုပ်လေးပဲ တိုက်နိုင်တယ်။ ဒါတောင် ငွေမရှိတဲ့အခါ အကြွေးယူတိုက်ရတယ်။ ဒါမှမဟုတ်ရင် လက်စွပ်လေးသွားပေါင်လိုက်နဲ့ ပြုစုခဲ့ရတာ။ အခုတော့ အဲဒီကလေးက ဒုတိယတန်း ရောက်နေပါပြီ။ ဒါက အမှတ်ရဆုံးဖြစ်တယ်ပေါ့။” လို့ မတွီထုန်က ပြောပါတယ်။

အခုအချိန်မှာတော့ မတွီထုန်မှာ ကိုယ်ပိုင်မိသားစုလည်း ရှိနေပြီဖြစ်ပါတယ်။ ၄ နှစ်အရွယ် သားလေးနဲ့ ၇ လအရွယ် သမီးလေးကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ မတွေ့ကြုံစေဖို့ သွန်သင်ပြုစုနေသလို ရင်ခွင်မဲ့တွေအပေါ်မှာ စာနာတတ်အောင်၊ အကူညီမဲ့နေသူတွေကို ဘာသာ၊ လူမျိုး၊ နေရာမခွဲဘဲ လူကိုလူလို့မြင်ပြီး ကူညီတတ်အောင်လည်း သင်ကြားပေးနေပါတယ်။

လက်ရှိမှာ ဂေဟာအတွက် အခက်ခဲဆုံးကတော့ ပညာရေးနဲ့ ကျန်းမာရေးဏ္ဍဖြစ်ပြီး တိုးလာတဲ့ ခိုကိုးရာမဲ့လေးတွေအတွက် နေစရာကလည်း အခက်အခဲ ရှိနေပါသေးတယ်။

ဘယ်လိုအခက်အခဲတွေပဲရှိရှိ မတွီထုန်ကတော့ သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း သေတပန် သက်တဆုံးတိုင် ဘုရားသခင်ရဲ့ အလိုတော်ရှိတဲ့အတိုင်း ဆက်လက်ပြီး ရင်ခွင်မဲ့တွေအတွက် ဘဝကို မြှုပ်နှံသွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013