DVB Logo
Home
မြန်မာသတင်း
Daily Star သတင်းစာပါ AFP သတင်းဆောင်းပါး လုပ်ဇာတ်ဖြစ်ဟု မြန်မာသံရုံးကြေညာ
DVB
·
November 7, 2018
Daily Star သတင်းစာပါ AFP သတင်းဆောင်းပါး လုပ်ဇာတ်ဖြစ်ဟု မြန်မာသံရုံးကြေညာ
Donate to DVB

မြန်မာနိုင်ငံဘက်က ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာလူငယ်တဦး ဒဏ်ရာရှိတယ်ဆိုတဲ့ Daily Star သတင်းစာပါ AFP သတင်းဆောင်းပါးဟာ လုံးဝမှားယွင်းပြီး အခြေအမြစ်မရှိဘူးလို့ ဒါကာမြို့ မြန်မာသံရုံးက ဒီကနေ့ ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက်ထုတ် Daily Star သတင်းစာမှာ Rohingya teen injured in firing at border ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားထားပါတယ်။ အဲဒီသတင်းအရ အသက် ၁၅ နှစ်အရွယ် Nurul Islam ဆိုသူ ရိုဟင်ဂျာ လူငယ်တဦးဟာ နွားကျောင်းနေစဉ် မြန်မာနိုင်ငံ ရေမောင်ခလီ လုံခြုံရေးစခန်းဘက်က သေနတ် ၁၇ ချက်ခန့် ပစ်ခတ်ခဲ့လို့ အဲဒီလူရဲ့ တံတောင်ဆစ်တွေ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာဘက်က ပစ်ခတ်မှုတစုံတရာ မပြုလုပ်ခဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်ကလည်း ကန့်ကွက်စာ ပေးပို့ထားခြင်းမရှိကြောင်း ဖော်ပြပါတယ်။

AFP သတင်းဆောင်းပါးမှာ ဒီလို ရေးသားဖော်ပြတာဟာ မြန်မာနိုင်ငံဘက်က စိစစ်ပြီး နေရပ်စွန့်ခွာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာအောင် ဒါမှမဟုတ် မြန်မာကို ပြန်လိုတဲ့ နေရပ်စွန့်ခွာသူတွေ အထင်မှားစေလိုတဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဇာတ်လမ်းဆင်တာဖြစ်တယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၂၀၀၀ ကျော်ကို နိုဝင်ဘာလလယ်မှာ မြန်မာနိုင်ငံဘက်က ပထမဆုံးအသုတ် ပြန်စတင်ခေါ်ယူဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပါတယ်။

နေရပ်ပြန်လာမယ့်သူတွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ငါးခူရစခန်းကနေ ပြန်လည်လက်ခံမှာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း နိုဝင်ဘာ ၁၅ ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် ၂၀၀၀ ကျော်ကို ပထမဆုံးအနေနဲ့ ပြန်လည်လက်ခံဖို့ရှိတယ်လို့ အောက်ဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ဒီလအတွင်း စတင်ပြီး ပြန်ပို့မယ့်အစီအစဉ်ကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီအရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုဝင်ဘာ ၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာဘက်ခြမ်းမှာ အခြေအနေတွေဟာ အဆင်သင့်မဖြစ်သေးတဲ့အတွက် နေရပ်ပြန်မယ့် ဒုက္ခသည်တွေဟာ ဖိနှိပ်မှု အန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေအတွက် နေရပ်ပြန်တဲ့ လုပ်ငန်းစဉ် ခုချိန်ထိ မစတင်နိုင်သေးဘူးလို့လည်း မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက ပြစ်တင် ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013