DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဖမ်းဆီးသွားသည့် ခရစ်ယာန် ဓမ္မဆရာမအပါအ၀င် ၁၅ ဦး လွတ်မြောက်     
DVB
·
November 6, 2018
စစ်တပ်ဖမ်းဆီးသွားသည့် ခရစ်ယာန် ဓမ္မဆရာမအပါအ၀င် ၁၅ ဦး လွတ်မြောက်     
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ထဲမှာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့  ခရစ်ယာန် ဓမ္မဆရာမတဦး အပါအဝင် အရပ်သား ၁၅ ယောက်ဟာ နိုဝင်ဘာလ ၄ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ရက်က ဓမ္မဆရာမ ခေါင်ညွယ်အပါအဝင် ၁၅ဦးကို  ကင်းလှည့်နေတဲ့ တပ်မတော် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ တပ်ရင်း တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ခုလို ပြန်လွှတ်ပေးတဲ့အပေါ် အားလုံးကို ကျေးဇူးတင်တယ်လို့ လွတ်မြောက်လာတဲ့ ဓမ္မဆရာမ ခေါင်ညွယ်ရဲ့ အစ်ကိုဖြစ်သူက  ကိုခေါင်ဂျုံးက ပြောပါတယ်။

"အစပိုင်း ဖမ်းသွားတဲ့အချိန်မှာ မိသားစုကို အကြောင်းကြားတာမရှိလို့ စိတ်ဒုက္ခ ရောက်တယ်။ အခုတော့သိချင်တာစစ်ဆေးပြီး ပြန်လွှတ်ပေးတော့ အဘက်ဘက်ကို ကျေးဇူးတင်တယ်။”

သူတို့ဟာ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ ဟောင်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး  အဲ့ဒီထဲမှာ IDPs စစ်ဘေးရှောင်တချို့နဲ့ ကယ်ရီ သမားတွေလည်း ပါဝင်တယ်လို့သိရပါတယ်။

"နန်ဆန်ယန်-ခါလာနဲ့ဇီးကထောင်ကြားမှာ ခေါ်သွားတာ။  ဘာကြောင့် ခေါ်သွား တယ်ဆို တာတော့ မသိဘူး။ မေးတော့မေးတယ် ပြောတယ်။ ကေအိုင်အေနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောတယ်။ ကေအိုင်အေရဲ့ လူတွေဖြစ်တယ်ဆိုပြီးမှ သူတို့ပြန်မေးတဲ့အချိန်မှာ အဲ့လို မေးတယ်"လို့ ကိုခေါင်ဂျုံးကပြောပါတယ်။

ဖမ်းဆီးသွားသူတွေကို တပ်မတော်က စစ်ဆေးမေးမြန်းတဲ့ခါမှာ ကိုယ်ထိလက်ရောက် နှိပ်စက်တာတွေ မရှိဘူးလို့လည်း ပြောပါတယ်။

ဓမ္မဆရာမ ခေါင်ညွယ်နဲ့ အဖွဲ့ဟာ  အသင်းတော်ကိစ္စနဲ့ အိုင်ဒီပီတွေရှိတဲ့ နေရာဆီကို သွားရောက်ခဲ့ ကြတာလို့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင် ဦးဆန်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဖြစ်လို့ ပျက်စီးသွားတဲ့ နန်ဆန်ယန်ကျေးရွာနားမှာ အဲဒီမှာ တပ်မတော် စစ်ကြောင်းနဲ့ တွေ့လို့ အဖမ်းခံရတာ။ အသင်းတော်ကိစ္စနဲ့ တချို့က အိုင်ဒီပီကိုသွားကြည့်ရင်းနဲ့ သွားလာနေတာ။ အဲဒီရွာမှာနေခဲ့ဖူးတဲ့လူတွေလည်းရှိတယ်။  ဒါပေမယ့် အခုလက်ရှိတော့ အဲဒီမှာ လူတယောက်မှ မနေကြတော့ဘူးပေါ့နော်။ သူတို့က မြစ်ကြီးနား၊ မိုးကောင်းနဲ့ ၀ိုင်းမော်မြို့နယ် ၃ မြို့နယ်က လူတွေဖြစ်တယ်။ တချို့ကတော့ အဲဒီထဲက ငှက်ပျောခြံတွေမှာ အလုပ်လုပ်တဲ့ လူလည်း ပါတယ်။ ”

ဓမ္မဆရာမ ခေါင်ညွယ် ပြန်လည်လွတ်မြောက်ရေးအတွက် ဓမ္မဆရာမဖြစ်ကြောင်း ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနဲ့ အသင်းတော်ရဲ့ ထောက်ခံစာပို့တာတွေအပြင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် (ပီစီဂျီ) အဖွဲ့ထံကိုလည်း အကူအညီ တောင်းခံခဲ့တယ်လို့  ဦးဆန်အောင်က ပြောပါတယ်။

သတင်း- သင်းသင်းနွယ်/ နော်နိုရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013