DVB Logo
Home
မြန်မာသတင်း
ပဲခူး အလုပ်သမား၊ လယ်သမားများ နစ်နာမှုများအတွက် အကူအညီတောင်း
DVB
·
August 27, 2012
ပဲခူး အလုပ်သမား၊ လယ်သမားများ နစ်နာမှုများအတွက် အကူအညီတောင်း
Donate to DVB

ပဲခူးမြို့က အလုပ်သမား၊ လယ်သမား ၁၅၀ လောက်ဟာ မြို့ရဲ့ နာရီစင်ပန်းခြံအနီးက အလုပ်သမား၊ လယ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ရုံးခန်းကို မနေ့က လာရောက်ပြီး သူတို့အခက်အခဲတွေကို ကူညီပေးဖို့ တင်ပြကြပါတယ်။

ပဲခူးမှာရှိတဲ့ ကိုရီးယားပိုင် စက်ရုံ ၃ ရုံ ဖြစ်တဲ့ Cap one ဦးထုပ်စက်ရုံ၊ အင်းလေးရှူးဖိနပ်စက်ရုံနဲ့ ရှင်ဆောင်း အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွေထဲမှာ သူတို့နစ်နာချက်တွေအတွက် ဆန္ဒထုတ်ဖော်ပြီး အကူညီတောင်းခံခဲ့ကြတာပါ။

အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်သန်းက “အခြေခံလစာ တိုးမြှင့်ရရှိရေးပေါ့။ နောက်ပြီး သူတို့ စက်ရုံထဲမှာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခံရတဲ့ ကိစ္စ၊ နောက်ပြီး စက်ရုံထဲမှာ ကြီးကြပ်ရေးမှူးတွေကနေ သူတို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ၊ မှုခင်းတွေ စက်ရုံမှာ ရှိတယ်။ အဲဒီကိစ္စတွေလည်း တကယ်ရိုက်နှက်ခံရတဲ့ လူတွေကိုယ်တိုင် ကျနော်တို့ကို တင်ပြတယ်။”

အလုပ်သမား၊ လယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ဟာ တရားဝင် မှတ်ပုံတင် မကျသေးပေမယ့် အလုပ်သမားတွေရဲ့ နစ်နာမှုတွေအတွက် သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမယ်လို့ ဆိုပါတယ်။

စက်ရုံအလုပ်ရုံတွေက အခြေခံလစာ တိုးပေးတယ် ဆိုပေမယ့်လည်း နဂိုရထားတဲ့ သက်သာခွင့်တွေကို ပြန်ဖြတ်တောက်တာတွေကြောင့်  ခံစားခွင့် တိုးမလာတဲ့ ကိစ္စတွေအတွက်လည်း အကူအညီတောင်းခံခဲ့တယ်လို့ ပြောပါတယ်။

အသင်းအပင်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရနေချိန်မှာ စက်ရုံ အလုပ်ရှင်တွေက သူတို့ဖွဲ့စည်းပေးတဲ့ အလုပ်သမားအဖွဲ့ထဲ အလုပ်သမားတွေကို ၀င်ရောက်ခိုင်းပြီး တခြားမှာ ၀င်ရောက်ရင် အလုပ်ထုတ်ခံရမယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိနေသလို တခြားမှာ ၀င်ထားကြသူတွေဟာလည်း ခွဲခြား ဆက်ဆံခံကြရတယ်လို့ ဆိုပါတယ်။

ဒိုက်ဦးမြို့နယ်က လယ်သမားတွေကလည်း ခမရ ၄၄၀ က တပ်ပိုင်သိမ်းထားတဲ့ သူတို့လယ်ယာမြေတွေကို ပြန်လိုချင်တဲ့အကြောင်း လာရောက် ဆန္ဒထုတ်ဖော်ပြီး အကူအညီတောင်းခဲ့ကြတယ်လို့ ကိုအောင်သန်းက ပြောပါတယ်။

“ခမရ ၄၄၀က တပ် အဆောက်အဦ ဆောက်မယ်ဆိုပြီး လယ်ယာမြေတွေ သိမ်းထားတယ်။ အသိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေပေါ်မှာ ဥပမာ ဧက ၄၀ လောက် ဆောက်ထားတယ်။ ကျန်တဲ့ ဧက ၁၀၀ ကို တပ်က အဆောက်အဦ မဆောက်ဘဲနဲ့ ယခုအချိန်ထိကို ခမရ ၄၄၀ က သီးစားပြန်ချစားနေတယ်။ လယ်သမားတွေကိုလည်း ပြန်မပေးဘူး။ အဲအတွက် မကျေနပ်ဘူး။ ပြန်လည်ရယူချင်တယ်ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ကို တင်ပြတယ်။”
ဆန္ဒဖော်ထုတ်သူတွေဟာ သတင်းလာယူတဲ့ အာဏာပိုင်အဖွဲ့တွေ ရှိနေပေမယ့်လည်း သူတို့နစ်နာချက်တွေကို ရဲရဲတင်းတင်း လာပြောပြကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013