DVB Logo
Home
မြန်မာသတင်း
ငွေကြေးလိမ်ညာကောက်ခံသည့် ဂျပန်စကားပြောသင်တန်းကျောင်းကို အမှုဖွင့်
DVB
·
November 6, 2018
ငွေကြေးလိမ်ညာကောက်ခံသည့် ဂျပန်စကားပြောသင်တန်းကျောင်းကို အမှုဖွင့်
Donate to DVB

ဂျပန်နိုင်ငံပို့ပေးမယ်ဆိုပြီး အမျိုးသမီး ၇ ဦးဆီက လိမ်ညာငွေကြေးကောက်ခံခဲ့တဲ့ ဂျပန် စကားပြောသင်တန်းကျောင်း တခုကို အမှုဖွင့်တိုင်ကြားထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ယုဇနတာဝါမှာ ဖွင့်လှစ်ထားတဲ့ ဂျပန်စကားပြောသင်တန်းကျောင်း က  သင်တန်းသား ၅၀ လောက် ဆီကနေ တဦးကို ငွေကျပ် ၁၅ သိန်းစီတောင်းယူ ထားတာလို့ သင်တန်းသူတဦးဖြစ်တဲ့ မဝင်းမို့မို့အောင်က ပြောပါတယ်။

"သမီးတို့က ဂျပန်နိုင်ငံကိုသွားချင်လို့ သင်တန်းတွေတက်ပြီး အဲဒီ ဂျပန်သင်တန်းကျောင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလလောက်က ဆက်သွယ်မိတာပါ။ အဲဒီလမှာပဲ သူတို့သင်တန်းကျောင်းကို ဂျပန် ၃ယောက်လောက်ရောက်လာပြီး အင်တာဗျူးလုပ်ပါတယ်။ သမီးတို့အောင်တယ်ဆိုပြီး တယောက်ကို အမေရိကန် ဒေါ်လာ ၃၅၀၀ စီ အဆင့်လိုက်ပေးရမယ်။ ခုလောလောဆယ် စရံငွေ ၁၅ သိန်းကျပ်စီ အရင်သွင်းပါဆိုလို့ သွင်းပေးခဲ့ပါတယ်။ သူ့ယောင်္ကျားဦးခင်မောင်ထွန်းကိုယ်တိုင် ပြေစာမှာ လက်မှတ်ထိုးပေးခဲ့တာပါ။ ပိုက်ဆံယူစဉ်မှာ လင်မယား ၂ယောက်လုံးရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့တွေသင်တန်းကျောင်းကိုမလာတော့ပါဘူး။ ဖုံးဆက်ရင်လည်း မကိုင်တော့ပဲ တခြားလူနဲ့ပဲ ပြောခိုင်းပါတယ်။ ဘယ်လို အခြေအနေမှ မေးလို့မရတဲ့အဆုံး MOEAF ရုံးကို လာရောက်အကူအညီတောင်းခံခဲ့ရတာပါ'' လို့ ပြောပါတယ်။

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ဥပဒေရေးရာနဲ့စည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင် ဦးချားလ်မျိုးသန့်က အဖွဲ့အနေနဲ့ ဂျပန်စကားသင်တန်းကျောင်းကို ဆက်သွယ်ခဲ့ပေမယ့် လာရောက်ဖြေရှင်းခြင်းမရှိတဲ့အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို  လွှဲပြောင်းချိတ်ဆက်ပေးခဲ့တယ်လို့ ပြောပါတယ်။

"လူကုန်/တား ရဲတပ်ဖွဲ့က ဆက်သွယ်ပေးလို့ ကလေးတွေဆီကငွေယူထားသူကို ဆက်သွယ် လို့ ရတယ်။ နိုဝင်ဘာ ၆ ရက် နေ့ မနက် ၁၀ နာရီမှာ ငွေလာပြန်ပေးပါ့မယ်ဆိုလို့ ကလေးတွေနဲ့ အတူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ကျနော်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလူတွေ မလာပါဘူး။ ဖုန်းတွေလည်း ဆက်မရတော့ပါဘူး။ ဒါကြောင့် လူကုန်/တားရဲမှူးနဲ့ ညှိနှိုင်းမှုအရ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ဘို့ ကာယကံရှင် အမျိုးသမီးငယ် ၇ ဦးကို လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။”

နိုင်ငံခြားတကယ်သွားချင်ရင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရအေဂျင်စီတွေကိုပဲ ရှာဖွေအပ်နှံသင့်တယ်လို့လည်း ပြောပါတယ်။

ဂျပန်စကားပြော သင်တန်းကျောင်းများအနေနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရယူ ထားခြင်းမရှိပဲ ဂျပန်နိုင်ငံသို့ပို့ဆောင်ပေးမယ်ဆိုပြီး လူငယ်လူရွယ်တွေဆီက ငွေကြေးကောက်ခံ တာ၊ လူစုဆောင်းတာ၊လိမ်လည်တာတွေ  ပြုလုပ်နေကြတယ်လို့ အဖွဲ့ထံ လာရောက်တိုင်ကြားမှု တွေ တနေ့ထက်တနေ့ များပြားလာနေတယ်လို့ အဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရယူထားခြင်းမရှိဘဲ လူစုဆောင်းတာ၊ ငွေကြေး ကောက်ခံတာ၊ ပို့ဆောင်တာတွေ ပြုလုပ်ရင် ပြည်ပ ၂၆ ပုဒ်မနဲ့ ဖြစ်စေ၊ လိမ်လည်မှုနဲ့ဖြစ်စေ အရေးယူနိုင်ပါတယ်။

အလားတူ အလိမ်ခံရသူတွေအနေနဲ့ အကူအညီလိုအပ်ရင် ရန်ကုန်မြို့၊ တိုက်အမှတ်၄၅၆ ကုန်သည်လမ်းနဲ့ ဘိုကလေးဈေးလမ်းဒေါင့်မှာရှိတဲ့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ဖုန်း ၀၁၂၅၆၇၂၇၊ ၀၉၄၅၂၆၉၅၈၂၂ကို ဆက်သွယ်အကူအညီ တောင်းနိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013