DVB Logo
Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးလိုရင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မခွဲခြားဘဲ လမ်းဖွင့်ပေးပါ
DVB
·
August 27, 2012
ငြိမ်းချမ်းရေးလိုရင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မခွဲခြားဘဲ လမ်းဖွင့်ပေးပါ
Donate to DVB

တိုင်းပြည်အတွက် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် လက်ရှိအစိုးရအနေနဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် မခွဲခြားဘဲ လမ်းဖွင့်ပေးပါလို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေးပါတီဖြစ်ပြီး မြေအောက်မှာ ရပ်တည်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်းကို မေးမြန်းထားပါတယ်။



[caption id="attachment_20493" align="alignleft" width="300" caption="ရဲ​ဘော်ဖိုးသံချောင်း​"][/caption]

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဖွဲ့တွေနဲ့ လိုက်ပြီး စကားပြောနေတာ တွေ့ရတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ရော ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ရှိလား။ တွေ့ပြီးပြီလား။

“ကျနော်တို့နဲ့ ဘာအဆက်အသွယ်မှမလုပ်ပါဘူး။”

ထိုင်းဘက်မှာလာတုန်းက ဦးခင်ရီကလည်း လုပ်ငန်းအဖွဲ့ထဲမှာပါတော့ သူ့ကိုမေးကြည့်တော့ ပြောသွား တယ်။ အားလုံးကို တံခါးဖွင့်ထားတယ်ပြောတယ်။ ဘယ်ဘက်က စလုပ်ဖို့ အခက်အခဲဖြစ်နေတာပါလဲ။

“ကျနော်မြင်တာကတော့ သူတို့နဲ့ စကားပြောနေတဲ့ အဖွဲ့အစည်းတွေကလည်း အဖွဲ့တွေဘက်က စပြီး ဆက်တာမဟုတ်ပါဘူး။ ဒါမျိုးက အခုလက်ရှိ တိုင်းပြည်အခြေအနေမှာ တိုင်းပြည်ကို အာဏာယူထားတဲ့ သူဘက်က တာဝန်ပိုကြီးပါတယ်။ သူတို့ဘက်က စပြီးတော့ လှုပ်ရှားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။”

အခု ဆိုရင် မြန်မာနိုင်ငံရှေ့နေများကောင်စီကို မတရားအသင်း ကြေညာထားတုန်းပဲ။ ဗကပနဲ့ရော ဘာကြောင့် စကားမပြောနိုင်တာလဲလို့ သုံးသပ်မိပါလဲ။

“သူတို့ကို မေးကြည့်ရင်ပိုကောင်းမယ်ထင်တယ်။ ကျနော်တို့ဘက်ကပြောရင်တော့ မှန်းဆတာ အဓိကများနေလိမ့်မယ်။ သေချာတာတခုကတော့ ကျနော်တို့က အခု သူတို့လုပ်နေတာတွေအပေါ်မှာ ရှင်းရှင်းပြောရရင် သံသယရှိပါတယ်။ သူတို့သာ တကယ် ရိုးရိုးသားသားနဲ့ တိုင်းပြည်အတွက် တကယ် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် အဖွဲ့အစည်းမခွဲခြားဘဲ၊ လူပုဂ္ဂိုလ် မခွဲခြားဘဲ၊ ပြည်တွင်းမှာလာပြီးတော့ တကယ်တမ်း ဒီမိုကရေစီကို ကျန်တဲ့ ပြည်သူပြည်သားများနဲ့ အတူ တည်ဆောက်ကြဖို့၊ ခံစားကြဖို့ ခွင့်ပြုတဲ့၊ သူတို့ဘက်က သဘောထားကြီးကြောင်း ဖော်ပြတဲ့ ဖော်ပြချက် မျိုးတခု လိုတယ်လို့ထင်ပါတယ်။ အခုလို တဖွဲ့ချင်း၊ တစုချင်း ခေါ်ခေါ်ပြီးတော့ လေချိုသွေးနေတာ မျိုးကတော့ ရိုးသားမှုကို သံသယရှိနေပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ မွန်ပြည်သစ်တို့၊ ကေအန်ယူတို့တောင် အပစ်အခတ်ရပ်စဲထားပြီ၊ ကချင်တဖွဲ့တော့ ကျန်နေတယ်။ ရှမ်းဘက်ကတော့ ကြိုးကြားကြိုးကြားပြန် တိုက်နေတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးအပေါ်မှာ ဗကပကနေ စောင့်ကြည့်တဲ့အခါ ဘယ်လို အကဲဖြတ်မိလဲ။

“ကြံ့ဖွံ့အစိုးရ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဆိုတာက သူတို့ဘက်က မြန်မာပြည်နိုင်ငံရေး အင်အားစုတွေအပေါ်မှာ၊ ဗမာပြည်နိုင်ငံရေး အင်အားစုတွေဆိုတာမှာ ဗမာလူမျိုးတွေလည်းပါမယ်၊ အခြား တိုင်းရင်းသားလူမျိုးစုအသီးသီးလည်းပါမယ်။ ဒါတွေအပေါ်မှာ မှန်ကန်တဲ့ တန်းတူရည်တူသဘောထား မချမှတ်နိုင်သေးသရွေ့ကတော့ ဒီကိစ္စတွေက ဖြစ်နေဦးမှာပဲ။ တနည်းနည်းနဲ့တော့ ဖြစ်နေဦးမှာပဲ။ ကချင်ပြည်နယ်မှာ ဖြစ်နေတာကလည်း နအဖအစိုးရက သူတို့ရပ်ချင်ရင်လည်း ရပ်လို့ရနေတာကို မရပ်ဘဲနဲ့ အဲ့နေရာ သခွပ်ပင် မီးတကျီကျီဖြစ်အောင်ကို ဖန်တီးထားတာ။ ဒါကိုယ်တိုင်က နအဖအစိုးရအနေနဲ့ သူတို့စစ်တပ်တည်ရှိနေတာကို တရားတယ်လို့ ထင်ရအောင်၊ အဲ့စစ်တပ်ကြီးနဲ့ပဲ ပြည်သူလူထုကြီးကို ဆက် ခြိမ်းခြောက်လို့ရအောင်၊ နောင်မှာ လှန်ဖို့မကြိုးစားကြနဲ့ ပုံစံမျိုးပြောလို့ရအောင် တမင်ဖန်တီးထားတဲ့ အခြေအနေတွေ၊ အနေအထားတွေ လို့ မြင်ပါတယ်။”

ကချင်စစ်ပြေးဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရန်ကနေ ရှောင်တဲ့သူတွေ၊ ရေဘေး ဒုက္ခသည်တွေကလည်း မနည်းဘူး။ ဗမာပြည်ရဲ့ အကျပ်အတည်းက ဒုက္ခသည် စခန်းတွေမှာလည်း အများကြီး သိန်းနဲ့ချီ ရှိတယ်။ ပြည်ပမှာလည်းရှိတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဦးသိန်းစိန်က မိန့်ခွန်းထဲမှာပြောတဲ့ ပြည်သူအကျိုးပြုအတွက် လုပ်မယ်ဆိုတော့ တကယ်လို့ ဗကပ အနေနဲ့ အကြံပြုရမယ်ဆိုရင်၊ လုပ်ရမယ်ဆိုရင် ဘယ်ဟာတွေကို ဘယ်လို ကိုင်တွယ်ဖို့ ပြင်ထားလဲဗျ။

“ကျနော်တို့အမြင်ကတော့ ဒုက္ခသည် အမျိုးမျိုးက ဒါတွေဟာ လတ်တလောချင်း ကိစ္စတွေကြောင့် ပေါ်ပေါက်လာတဲ့ဟာတွေပါ၊ ရေကြီးလို့ ပေါ်ပေါက်လာတာ၊ စစ်ဖြစ်လို့ ပေါ်ပေါက်လာတဲ့ဟာတွေပါ။ အဲဒါတွေရဲ့ အဓိက ပင်ရင်းကို ဖြေရှင်းဖို့ လိုတယ်လို့ ထင်ပါတယ်။ ရေကြီးတဲ့ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စဉ်းစားဖို့ပေါ့။ စစ်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲပေါ့။ ဒါတွေကို အခြေခံကျကျ ဖြေရှင်းမှ ပြီးပြတ်မှာပါ။ ဒီနေရာမှာ တခုထောက်ပြဖို့ ရှိတာက ဗမာပြည်မှာ အခု ဒုက္ခသည် ဖြစ်နေတာက အခု ပြောနေတာတင် မကဘူး မြေသိမ်းခံရလို့ မတရားနိမ့်ကျတဲ့ လစာတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေက ခုနက ပြောတဲ့ ဒုက္ခရောက်နေပါတယ်ဆိုတဲ့ သောင်းဂဏန်း၊ သိန်းဂဏန်းတွေထိ ဒုက္ခရောက်နေတယ်။ အဲဒါတွေကို အခြေခံ စဉ်းစားရမယ်ထင်တယ်။ ဒါတွေက အန်ဂျီအိုတို့၊ ယူအန်အိပ်ခ်ျစီအာတို့ လောက်နဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အစိုးရကိုယ်တိုင်က တာဝန်ယူပြီးတော့ အခြေခံကျတဲ့သဘောထားတွေ ချမှတ်ပြီး ဖြေရှင်းမှ ပြေလည်မယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အခုလည်း မြေတွေ သိမ်းပြီး လုချင်တိုင်း လုနေတဲ့ဟာကို တခုမှ ၀င်မပြောဘဲနဲ့ ခွင့်ပြုထားတဲ့ဟာက ဗမာပြည်နောင်ရေးအတွက် ရင်လေးစရာ ဖြစ်ပါတယ်။”

ဗကပပါတီ အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ဒေသခံတွေ အခေါ်အရ ဘဂါင်္လီ၊ သူတို့ကိုယ် သူတို့ အခေါ်အရ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ ဗကပရဲ့ ပေါ်လစီက ဘာလဲဗျာ။

“ကျနော်တို့ကတော့ ဒီပြဿနာက အင်မတန် ရှုပ်ထွေးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါဟာ သမိုင်းပညာရှင်တွေ အပါအ၀င် ဒီကိစ္စမှာ ဆက်စပ်တဲ့ တတ်သိတဲ့ ပညာရှင်တွေ ၀ိုင်းပြီးဖြေရှင်းရမယ် ထင်ပါတယ်။ နောက်တခုက ဒီဟာက ဗမာပြည်တွင်းရေး ပြဿနာ ဖြစ်ပါတယ်။ အဲဒါက ကျနော်တို့ရဲ့ အခြေခံသဘောထားပါ။”

ပြည်ပမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကနေ အပြင်မှာ ပြည်တွင်းက လွှတ်တော်နဲ့ မသက်ဆိုင်ဘဲနဲ့ တိုင်းရင်းသားတွေ အသံ တသံတည်း ရရှိဖို့ ဆိုတဲ့ ကြိုးပမ်းမှုတွေ ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသား အရေးကဏ္ဍကို ဗမာအစိုးရက ဘယ်လောက်အထိ အသိအမှတ်ပြုပြီး ကိုင်တွယ်သင့်လဲ။

“ကျနော်တို့ မြင်တာက ဗမာပြည်မှာ တိုင်းရင်းသားအရေးက အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် အရင်ဆုံး ဖြေရှင်းရမယ့် အဲဒီဟာထက် စစ်အာဏာရှင် စနစ် ဘယ်လိုပုံသဏ္ဌာန်နဲ့မှ တည်ရှိမနေဖို့ အဲဒါကို အရင်ဆုံး ဖြေရှင်းသင့်တယ် ထင်ပါတယ်။ အဲဒါဖြေရှင်းပြီးရင် ကျန်တဲ့ဟာတွေက ကျနော်တို့ ဗမာပြည်သားတွေ အချင်းချင်း တိုင်းရင်းသားအကုန်လုံး အေးအေးဆေးဆေး တိုင်တိုင်ပင်ပင် ညှိနှိုင်း ပြောသွားလုပ်သွားလို့ ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲ ရောက်သွားပြီ။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဆိုရင်လည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ အစိုးရနဲ့ ပေါင်းလုပ်နေတာကို ကျနော်တို့ တွေ့ရတယ်ဆိုတော့ ဗမာပြည် ကွန်မြူနစ်ပါတီ အနေနဲ့ မြေပေါ်မှာ တရားဝင် လှုပ်ရှားရင် မကောင်းဘူးလားဗျ။ အခုလို ကာလမှာ တိုင်းပြည်အတွက် အားမဖြစ်ဘူးလား။

“ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီကို မြို့ပေါ်မှာ တခြားနိုင်ငံရေး အင်အားစုတွေ နည်းတူ ဆိုင်းဘုတ်ထောင်ပြီး လှုပ်ရှားခွင့်ပေးပါဆိုပြီး ၈၈၈၈ နောက်ပိုင်းမှာ ကျနော်တို့ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ဆီကို ပေးပို့ပြီး ပြောဖြစ်ပါတယ်။ တရားဝင်ကြေညာချက်တွေနဲ့ ပြောခဲ့တာပေါ့ဗျာ။ အဲဒီတုန်းက ပေါ်လာတဲ့ နိုင်ငံရေး အဖွဲ့အစည်းပေါင်း ၁၉၀ ကျော် နည်းတူ ကျနော်တို့လည်းပဲ တန်းတူညီတူ ယုံကြည်တဲ့ဝါဒကို ဖြန့်ဖြူးခွင့် ရှိသင့်တယ်လို့ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် တဖက်ကကျတော့ မသိကျိုးကျွန် ပြုထားပါတယ်။ အဓိကက ကျနော်တို့ ပေါ်လစီရဲ့ ပြဿနာ မဟုတ်ပါဘူး။”

ဗမာပြည်နိုင်ငံရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အန်ကယ်လ်အနေနဲ့ ဘာများ ပြောစရာရှိမလဲ။

“ကျနော်တို့ မြင်တာကတော့ အခုလက်ရှိ သွားနေပုံနဲ့က ကျနော်ထင်တယ်။ စစ်အစိုးရ၊ ကြံ့ဖွံ့စစ်အစိုးရနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ၊ သူတို့ရဲ့ ခရိုနီတွေ ကောင်းစားရေးဆီကို အရှိန်ကောင်းကောင်းနဲ့ ချီတက်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်၊ ဒါကို ပြောင်းလဲပစ်ရမယ်လို့ ကျနော်ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013