
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က Spring Mon အထည်ချုပ်စက်ရုံမှာ အခြေခံလုပ်ခ တိုးပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုနေတာ နှစ်ပတ်ကျော် ရှိလာပေမဲ့ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု မပြေလည်သေးဘဲ ဆက်လက်တောင်းဆိုနေကြပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Spring Mon Garment Manufacturing စက်ရုံမှာ အလုပ်သမား ၁၇၇ ယောက်ဟာ ဇူလိုင် ၈ ရက်ကစပြီး အခြေခံလုပ်ခ တိုးမြှင့်ပေးဖို့ စုပေါင်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေဟာ တရက်လုပ်အားခ ဒေးကြေးကို ကျပ် ၁၃,၀၀၀၊ ရက်မှန်ကြေး၊ အချိန်ပိုကြေးနဲ့ ကျွမ်းကျင်ကြေး တိုးမြှင့်ပေးဖို့ အပါအဝင် အချက် ၉ ချက်ကို တောင်းဆိုထားပါတယ်။
အလုပ်ရှင်ဘက်ကတော့ ဒေးကြေးကို ကျပ် ၁၁,၀၀၀ နဲ့ အချိန်ပိုကြေးကို ကျပ် ၂,၂၀၀ အထိသာ တိုးပေးနိုင်တယ်လို့ ပြောထားပြီး ကျန်တောင်းဆိုချက်တွေအပေါ် သဘောတူညီမှု မရသေးတာကြောင့် တောင်းဆိုမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။
Spring Mon အထည်ချုပ်ရုံ အလုပ်သမားတယောက်က “ဒေးကြေးဆိုရင် ၁၂,၀၀၀ ရချင်တယ်။ အိုတီကြေးဆိုရင် ၂,၂၀၀ နဲ့ လက်ခံထားတယ်။ စက်ရုံဘက်ကကျတော့ ၁၁,၀၀၀ ပဲ ပေးနိုင်တယ်။ အိုတီကြေးဆိုရင် ၂,၂၀၀၊ ရက်မှန်ကြေးဆိုရင် တိုးမပေးနိုင်ဘူး။ အဲ့ဒါကြောင့်မို့လို့ တိုးပေးဖို့ ဆက်ညှိနေတယ်။ သူတို့ကကျတော့ စီးပွားရေး အခြေအနေအရ မပေးနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အရမ်းကြာနေတာ။ စုပေါင်းတောင်းဆိုသူတွေရဲ့ လုပ်သက်က ၁၃ နှစ်၊ ၁၂ နှစ်၊ ၁၀ နှစ်၊ ၁၁ နှစ်၊ အနည်းဆုံးက ၃ နှစ်၊ နှစ်ကြီးသမား များတယ်။ လစာကျတော့ ပုံမှန် ၅ သိန်းကျော်လောက် ထွက်တယ်။ ဒီလိုပဲ အဆင်မပြေပြေအောင် လှည့်လုပ်နေရတာ။ ဒါကြောင့် ကိုယ့်စက်ရုံက လစာပေးတာနည်းလို့ ဝိုင်းပြီး တောင်းဆိုမှု လုပ်ကြတာပေါ့” လို့ ပြောပါတယ်။
လက်ရှိ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် စက်ရုံအများစုက ပေးနေတဲ့ လုပ်ခနှုန်းထားဟာ ဖူလုံမှု မရှိတော့တာကြောင့် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေ ဆက်လက် ရှိနေဦးမယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
Spring Mon စက်ရုံက အလုပ်သမားတွေထဲမှာ လုပ်သက် ၁၀ နှစ်ကျော်ရှိသူ အများအပြား ပါဝင်နေပေမဲ့ လက်ရှိလုပ်ခနှုန်းထားနဲ့ ရပ်တည်ဖို့ ခက်ခဲနေပြီး၊ အလုပ်ရှင်ဘက်ကလည်း လုပ်ခတိုးပေးဖို့ သဘောမတူသေးတာကြောင့် ညှိနှိုင်းမှုတွေ ကြန့်ကြာနေတာလို့ ဆိုပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “အလုပ်သမားတွေက ပြောတာက ဒီဈေးမပေးနိုင်ဘူး။ အလုပ်သမားတွေလည်း မလိုချင်ဘူးဆိုရင် နစ်နာကြေး ပေးလိုက်၊ လုပ်ငန်းရှင်ဘက်ကလည်း နစ်နာကြေးပေးဖို့ကလည်း လုပ်သက်ရင့် ဝန်ထမ်းတွေ ဖြစ်နေတော့ နစ်နာကြေး ပေးဖို့က ငွေအများကြီး သုံးရမှာဆိုတော့ မပေးနိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ညစ်တာပေါ့။ နင်တို့ မလုပ်နိုင်ရင်ထွက်၊ နှစ်ကြီးသမားတွေက ဘာခံစားခွင့်မှ မရှိဘဲနဲ့ မလုပ်ချင်ထွက်ဆိုတဲ့ ပုံစံမျိုး လုပ်နေတာဆိုတော့ ဒါက ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းရှင်တယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး။ နောက်ပြီးတော့ ဒါက ရုံခွဲ ဖြစ်တယ်။ မူရင်း ရုံမှာလည်း ဒီ သက်ရောက်မှုက ရှိမှာပဲ။ Spring Mon အနေနဲ့ သိရမှာက အဲဒီ ဒေသရဲ့ ပေါက်ဈေးက အောက်ထစ်က အဲ့ ဈေး ဖြစ်နေပြီ။ သူက အဲ့ဒီ အောက်ထစ်အောက်ကို လျှော့ပြီးတော့ အလုပ်သမားကို ခိုင်းနေကတည်းက အလုပ်သမားတွေအနေနဲ့ လက်ခံစရာ အကြောင်းကို မရှိဘူး” လို့ ပြောပါတယ်။
အခုတောင်းဆိုမှုဟာ ၁၆ ရက်မြောက်အထိ ရောက်ရှိလာပြီဖြစ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ၁၀ ကြိမ်အထိ ညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီချက် မရသေးပါဘူး။ ဇူလိုင် ၂၄ ရက်မှာလည်း တိုင်းအလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရှေ့မှာ ထပ်မံ ညှိနှိုင်းဖို့ ချိန်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းနဲ့ လူနေ စရိတ်တွေ ဆက်တိုက် မြင့်တက်လာပေမဲ့ အနိမ့်ဆုံးလုပ်ခကို တရားဝင် ပြန်လည် သတ်မှတ် တိုးမြှင့်ပေးတာ မရှိသေးတာကြောင့် အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တချို့မှာ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။











