DVB Logo
Home
မြန်မာသတင်း
မြေယာမသိမ်းရေး မုံရွာဒေသခံတောင်သူများ ဆန္ဒဖော်ထုတ်
DVB
·
August 27, 2012
မြေယာမသိမ်းရေး မုံရွာဒေသခံတောင်သူများ ဆန္ဒဖော်ထုတ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့ ဆားလင်းကြီးခရိုင်  လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက မြေယာဧက ၇၈၀၀ ကျော် သိမ်းယူထားတဲ့အတွက် မနေ့က ဒေသခံတောင်သူတွေဟာ မြေယာမသိမ်းဖို့ ဆိုင်းဘုတ်တွေစိုက်ထူ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ကြေးနီစီမံကိန်းအတွက် မြေယာသိမ်းယူခံခဲ့ရတဲ့ ဒေသခံ တောင်သူတွေက သူတို့ကိုပေးတဲ့ လျော်ကြေးငွေကို မကျေနပ်သလို သဘောတူထားတဲ့ အချက်တွေကိုလည်း အကောင်အထည်မဖော်သေးဘဲ ဒီစီမံကိန်းကို လုပ်ဆောင်နေတဲ့အတွက် အခုလိုမောင်းထုပြီး လူထုဆန္ဒဖော်ထုတ်တာလို့ ပြောပါတယ်။

“ရဲတွေ အင်အားပြပြီး ကျမတို့မြေတွေကို မတရားအနိုင်ကျင့်နေတယ်။ ကျမတို့ တောင်သူတွေအနေနဲ့က သူတို့ပေးထားတာ ၃ နှစ်သီးနှံလျော်ကြေး။ သိမ်းထားတာ အနှစ် ၆၀ ဆိုပြီးတော့။ အင်အားတွေ အာဏာပိုင်တွေက အများကြီးပဲ ပြပြီး ကျမတို့ကို လာပြီးတော့ မတရားလုပ်တဲ့အတွက် ကျမတို့ရဲ့ တောင်သူလယ်ယာမြေတွေထဲမှာ ကျေးရွာပိုင် ယာမြေများကို မည်သူမျှမကျူးကျော်ရ ဆိုတဲ့ဆိုင်းဘုတ် ကျမတို့ လာပြီးထောင်တာရှင့်။”

ဝက်မှေးတောင်ရွာဟောင်းက ချိတ်ပိတ်ထားတဲ့ ဘုန်းတော်ကြီးကျောင်း ပြန်ဖွင့်ပေးဖို့နဲ့ ၀က်မှေးရွာ၊ ဇီးတောရွာနဲ့ ဆည်တည်းရွာတွေကို မပြောင်းရွှေ့ရတော့ဘူးဆိုတဲ့ သဘောတူချက်ကို ဒီနှစ် ဇွန် ၃ ရက်နေ့က စီမံကိန်းတာဝန်ခံ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး မြင့်အောင်က လက်မှတ်ထိုးထားပေမယ့် အကောင်အထည်မဖော်ပေးသေးဘဲ စီမံကိန်းကို မစသင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ-ပုသိမ် လမ်းနဲ့ကပ်နေတဲ့ ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပန်းတောင်းတောင် သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် အဲ့ဒီလယ်မြေတွေကို သိမ်းယူထားတာ ဖြစ်ပါတယ်။

မုံရွာခရိုင်ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က “နှစ်ဦးနှစ်ဘက်ကတော့ ပြေပြေလည်လည်လေး ညှိနှိုင်းနိုင်တာ အကောင်းဆုံးပေါ့။ ဒီလိုမျိုး လူစုလူဝေးကြီးနဲ့ လာပြီးတော့ တယောက်တပေါက်သာ ပြောနေမယ် ဆိုရင်တော့ ညှိနှိုင်းလို့က ပြီးမှာ မဟုတ်ဘူး။ အဖြေတခုက ထွက်လာမှာ မဟုတ်ဘူး။ နောက်ပြီး အခုလို လူစုလူဝေးနဲ့ လုပ်မယ်ဆိုရင် လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်ရာရောက်တယ်။ ဒါပိတ်ပင်ထားတာ မဟုတ်ဘူး။ တရားဝင်လျှောက်လွှာတင်လို့ရတယ်။”

ကြေးနီတောင် စီမံကိန်းဟာ မြန်မာဦးပိုင်လီမီတတ်နဲ့ တရုတ်ကုမ္ပဏီ ၀မ်ပေါင်တို့က တရုတ်-မြန်မာချစ်ကြည်ရေးအဖြစ် လုပ်ဆောင်မယ့် စီမံကိန်းဖြစ်တာကြောင့် အခု လယ်ယာမြေတွေကို လျော်ကြေးပေး သိမ်းယူခဲ့တာလို့ မုံရွာခရိုင်ဥက္ကဋ္ဌက ပြောပါတယ်။

“မြေယာအမှုနဲ့ ပတ်သက်ပြီး လျော်ကြေးပေးတဲ့အခါမှာ သက်ဆိုင်ရာ မြေယာဥပဒေမှာ ပါရှိတဲ့အတိုင်း မြေအခွန်တော်ရဲ့ အဆ ၂၀ နောက်ဆုံးပေးခဲ့ပါတယ်။ အဲလိုပေးတဲ့အခါ မြေခွန်တော်ရဲ့ အဆ ၂၀ ဆိုတာ သိပ်ကို နည်းပါးတဲ့အတွက်ကြောင့် တောင်သူတွေ နစ်နာ ဆုံးရှုံးမှုမရှိရအောင်လို့ သူတို့ လက်ရှိစိုက်ပျိုးထားတဲ့ သီးနှံ အထွက်နှုန်းရဲ့ ကာလတန်ဖိုးရဲ့ ၃ ဆကို ပေးခဲ့ပါတယ်။”

နှစ် ၆၀ သိမ်းမယ့် မြေအတွက် ၁ နှစ်သီးနှံအထွက် ရဲ့ ၃ ဆပေးတယ်ဆိုတာ ၃ နှစ်စာ ပေးပြီး အပြီးသိမ်းလိုက်သလို ဖြစ်တာမို့ လယ်ယာမြေမဲ့ ဘ၀ရောက်ရမယ့် အဖြစ်ပဲလို့ အသိမ်းခံတောင်သူတွေက ပြောပါတယ်။

ဒေသခံ အဖွားတဦးက “ဘာလုပ်စားရမှန်းမသိဘူး၊ လက်မဲ့ဖြစ်နေပါပြီ။ လူအိုဆိုတော့ ဘာမှလည်း မလုပ်တတ်ပါဘူး။”

ဆန္ဒဖော်ထုတ်ရာကို သတင်းယူဖို့ သတင်းထောက်တွေအများအပြား ရောက်ရှိ နေသလို ရဲတပ်ဖွဲ့ဝင်တွေလည်း တော်တော်များများရောက်ရှိ နေရာချထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013