DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်သဘောထား
DVB
·
November 5, 2018
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်သဘောထား
Donate to DVB

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်ထည်ဖော်ဆောင်လာပါက ဒေသခံတွေနဲ့ အလုပ်အကိုင်အခွင့်ရရှိလာမှာ ဖြစ်ပေမယ့် ပွင့်လင်းမြင်သာစွာ ချပြထားတာတွေ မရှိသေးဘူးလို့ ကျောက်ဖြူလွှတ်တော်ကိုယ်စားတွေက ပြောပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီမှ ၇ဝ ရာခိုင်နှုန်းရရှိပြီး မြန်မာနိုင်ငံက ၃ဝ ရာခိုင်နှုန်းနဲ့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဦးကျော်သန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

“ဒီရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်လို့ လုပ်လာတာကတော့ ပြည်သူတွေအတွက် ဒီရေနက်ဆိပ်ကမ်းအပေါ်မှာ အကျိုးမရှိနိုင်စရာတော့ မရှိဘူးလို့ ယူဆတယ်၊ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအနေနဲ့လည်း ခုခေတ်မှာပေါ့ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတယ်။ တာဝန်ယူမှု တာဝန်ခံမှု၊ ကျောက်ဖြူ ရခိုင်ပြည်မှာ လာလုပ်ပြီးတော့မှ ဒေသခံတွေအတွက် ဘာအကျိုးမှ ခံစားခွင့်မရှိဘဲနဲ့ ပြည်မကြီးကိုပဲ ဒါတွေအကုန်လုံးယူမယ်ဆိုရင်တော့ မတရားဘူးပေါ့၊ ဒီဒေသရဲ့ နေရာဒေသကို အကြောင်းပြုပြီးတော့မှ အသုံးချတယ်၊ ဒီနေရာအတွက် ဘာတခုမှ ဖွံ့ဖြိုးမှု မကျန်ခဲ့ဘူးဆိုရင် ဒါဒီမိုကရေစီလည်းမဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ဒီဒေသအတွက် ပွင့်လင်းမြင်သာစွာ ဘယ်လိုအကျိုးဖြစ်ထွန်းမယ်၊ ဘယ်လိုအကျိုးခံစားခွင့် ရှိတယ်ဆိုတာကို ချပြသင့်တယ်။”

ဦးဘရှိန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ဒီဒေသဟာ ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေတဲ့အတွက်ကြောင့် ဖွံ့ဖြိုးမှု မြန်မြန်ဆန်ဆန်ဖြစ်စေချင်တယ်။ အထူးစီးပွားရေးဇုန်တရပ် မြန်မြန်ဆန်ဆန်ဖော်ဆောင် ပေးမယ်ဆိုလို့ရှိရင် လိုလိုလားလားရှိတယ်၊ ကြိုဆိုတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါမှာ ဥပဒေတွေရှိတယ်၊ ဒီဥပဒေတွေအတိုင်း ရင်နှီးမြှုပ်နှံသူတွေကလည်း သူတို့လိုက်နာရမယ့်အပိုင်းကို လိုက်နာဖို့ လိုမယ်၊ နိုင်ငံတော်ဘက်ကလည်း သူတို့ကြီးကြပ်ရမယ့်အပိုင်းကို တိတိကျကျကြီးကြပ်ဖို့လိုတယ်။ ဥပဒေ စိုးမိုးအောင်လုပ်ဖို့က ဥပဒေမှာ ပြဋ္ဌာန်းပြီးသား။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ ဒီဒေသရဲ့ ယဉ်ကျေးမှုတွေကို ထိခိုက်မယ်၊ ဒီဒေသရဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာမယ်ဆိုရင်တော့ အန်ကယ်တို့ ကန်ကွက်ရမှာပဲ။

ဦးဖိုးစံ (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

“ကျောက်ဖြူရေနက်ဆိပ်ကမ်း ကိစ္စနဲ့ပတ်သက်ပြီးလို့ ရင်နှီးမြှုပ်နှံမှုအပေါ်မှာ စာချုပ်ချုပ်မယ်လို့တော့ သိရှိရပါတယ်၊ ကြားသိရတဲ့ သတင်းအရကတော့ အရင်တုန်းကတော့ ၈၅/၁၅၊ အခုကတော့ ၇ဝ/၃ဝ ဆိုပြီးတော့ သိရှိရပါတယ်၊ အမှန်မှာကတော့ လုပ်မယ့်ကုမ္ပဏီနဲ့ အစိုးရက ပွင့်ပွင့်လင်းလင်းလာရောက်ပြီးတော့ ချပြသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအကျိုးအမြတ်ဆိုတဲ့နေရာမှာ ကုမ္ပဏီတွေက အကျိုးအမြတ်ရမှာလား၊ သို့မဟုတ် နိုင်ငံတော်အစိုးရအနေနဲ့ အကျိုးအမြတ်ရမှာလား အဲဒါကို ပွင့်လင်းမြင်သာစွာ ချပြရမှာဖြစ်တယ်။ အခုသိရှိရတဲ့ အရကတော့ နိုင်ငံတော်ရမှာလား၊ ကုမ္ပဏီရမှာလားဆိုတာကို ဂဃနဏ မသိရသေးတဲ့အတွက် ဦးလေးတို့အနေနဲ့ လောလောဆယ်တော့ စိုးရိမ်မိတယ်။”

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာချပြမှု မရှိဘူးလို့ ဒေသခံတွေကလည်း ဝေဖန်နေကြပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013